အင်းတော်မြို့နယ် စက်တောကုန်းရွာက နေအိမ်နဲ့ စပါးကျီ ၇၀ ကျော်မီးရှို့ခံရ

RFA Burmese
2022.12.21
အင်းတော်မြို့နယ် စက်တောကုန်းရွာက နေအိမ်နဲ့ စပါးကျီ ၇၀ ကျော်မီးရှို့ခံရ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် စက်တောကုန်းရွာ မီးရှို့ခံထားရသည်အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။
Indaw Revolution-IR

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် စက်တောကုန်းရွာက နေအိမ် ၄၁ လုံးနဲ့ စပါးကျီ ၃၀ ဒီဇင်ဘာ ၂၀ ရက်နေ့က မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ဒီဇင်လာ ၁၉ ရက်မှာ ရွာကိုတပ်စွဲခဲ့ပြီး ဒီဇင်ဘာလ၂၀ ရက်မှာ မီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စက်တောကုန်းရွာမှာ နေအိမ်တစ်ရာကျော်ရှိတယ်။ နေအိမ် ၄၁ အိမ်နဲ့ စပါးကျီ (စပါးတိုက်) က ၃၀ မီးထဲပါသွားတယ်။ မီးဘေးသင့်ပြည်သူတွေကိုလည်း ဘုန်းကြီးတွေနဲ့ တခြားရွာက ပြည်သူတွေက စားနပ်ရိက္ခာတွေ ကူညီပေးနေတယ်”

လက်ရှိမှာ စစ်ကောင်စီတပ်သားတွေ ရွာထဲမှာ မရှိတော့လို အရပ်သားတချို့ နေရပ်ပြန်နေကြပေမယ့် တချို့ကတော့ မပြန်ရဲသေးဘူးလို့ သူက ပြောပါတယ်။

အင်းတော်မြို့နယ်မှာ ဒီဇင်ဘာလ ၁၆ ရက်ကနေ ဒီဇင်ဘာလ ၂၀ ရက်အထိ မအူကုန်း၊ ဂျုံးဂျုံးကျ၊ ပိန်းအင်း၊ စက်တောကုန်းရွာတွေ နေအိမ်နဲ့ အဆောက်အအုံ ၁၁၁ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ အင်းတော် PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဒီကနေ့ ညနေပိုင်းမှာ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မီးရှို့ခံရမှု ဖြစ်စဉ်တွေကို စာရင်းပြုစုနေတဲ့ Data for Myanmar အဖွဲ့က စစ်ကိုင်းတိုင်း အတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ယခုနှစ် နိုဝင်ဘာလ (၃၀) ရက်အထိ နေအိမ်၂၇,၄၉၆ လုံး ပျက်စီးခဲ့တယ်လို့ ဒီဇင်ဘာလ ၁၀ ရက်က ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။