ဟောပြောပွဲမပါဘဲ ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပ

ကန့်သတ်တားမြစ်တာကြောင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်က စိန့်ပီတာ စိန်ပေါလ် ဘုရားကျောင်းမှာ ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနားကို ဟောပြောပွဲ မပါဘဲ ဒီနေ့ ကျင်းပခဲ့ရတယ်လို့ အခမ်းအနားဖြစ်မြောက်ရေး စီစဉ်သူတွေက ပြောပါတယ်။

ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနားကို အင်းစိန်မြို့နယ်က စိန်ပီတာ စိန်ပေါလ်ဘုရားကျောင်းမှာ ၂၀၁၈၊ သြဂုတ် ၁၂ ရက်နေ့က ကျင်းပစဉ် Photo: Susanna Soe - facebook

ကန့်သတ်တားမြစ်တာကြောင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်က စိန့်ပီတာ စိန်ပေါလ်ဘုရားကျောင်းမှာ ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနားကို ဟောပြောပွဲ မပါဘဲ ဒီနေ့ ကျင်းပခဲ့ရတယ်လို့ အခမ်းအနား ဖြစ်မြောက်ရေး စီစဉ်သူတွေက ပြောပါတယ်။

အများဆန္ဒအရ အခမ်းအနား ကျင်းပဖြစ်သွားအောင် ဟောပြောမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရတာလို့ အခမ်းအနား စီစဉ်သူ နော်အုန်းလှ က ပြောပါတယ်။

"နောက်ဆုံးကျတော့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး လာတယ်၊ အန်တီတို့ အဆင်ပြေသွားတယ်ပေါ့၊ အန်တီတို့ မလုပ်လိုက်ရတာက ကရင်အာဇာနည်တွေအကြောင်း မပြောရဘူးပေါ့၊ အလေးပြုတာတို့ အလံ တင်တာတို့ အကုန်လုပ်ရတယ်၊ အာဇာနည်နေ့အကြောင်းပြောမယ့် ၂ ယောက်ပေါ့နော်၊ မပြောရတော့ဘူး၊ အဲအစီအစဉ် ဖျက်ပစ်လိုက်ရတယ်၊ အန်တီကတော့ တစ်စုံလုံးမရရင် မလုပ်ဘူးလို့၊ ဒါပေမဲ့ အားလုံး သဘော ထားအရ လုပ်စေချင်တယ်၊ ဒါလေးကိုတော့ လျှော့ပေးလိုက်ဆိုတာနဲ့ အားလုံးက ဆန္ဒအရ လုပ်တယ်ဆိုတော့ အန်တီကတော့ ဘာမှပြောလို့ မရဘူးလေ၊ ကျန်တဲ့သူ သဘောထားလိုက်လျောရတာ"

အခမ်းအနားဖြစ်မြောက်ဖို့အတွက် ဝင်ရောက်ညှိနှိုင်းပေးခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုး က အခုလို ပြောပါတယ်။

"ကန့်သတ်တာလေးတွေတော့ ရှိတာပေါ့နော်၊ ကိုယ်တိုင်မနက်တုန်းက မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ် ရေးမှူးတွေနဲ့ တွေ့ပြီးတော့ ပြောတဲ့အခါမှာ သူတို့ကတော့ ၁၉၅၂ ဥပဒေတို့ ဘာတို့နဲ့ ပြောတာပေါ့နော်၊ ဒါပေမဲ့ အန်တီတို့ကလည်း ဒီမှာ တိုင်းရင်းသားကာကွယ်စောင့်ရှောက်ရေး ဥပဒေတွေလည်း ရှိတယ်၊ ဒါ Community Event တစ်ခုဖြစ်တယ်၊ ကျမတို့ကိုယ်တိုင်လည်းပါတယ်၊ နောက် ကရင်ဝန်ကြီး ကိုယ်တိုင်လည်း လာပြီးမှ ပြောတဲ့အခါမှာ အဆင်ပြေသွားပါတယ်၊ ဒါပေမဲ့ ဟောပြောတဲ့သူတွေကတော့ ပြန်သွားတာပေါ့နော်၊ အန်ကယ်ကြီး ဆိုရင်လည်း အသက် ၈၀ ကျော်နေပြီလေ၊ ညှိနေတုန်းဖြစ်နေတယ်၊ အန်ကယ်တို့ပြန်ရင်လည်း ပြန်လိုက်ဆိုတော့ သူတို့ကတော့ ပြန်နားတဲ့အတွက်ကြောင့် ဟောပြောပွဲတော့ မရှိဘူးပေါ့၊ ဒါပေမဲ့ တစ်ခြားဟာ တွေတော့ အကုန်လုံး ပုံမှန်အတိုင်းပါပဲ"

အဲဒီအခမ်းအနားကို အင်းစိန်ခရိုင် အထွေထွေအုပ်ချုပ်ရေးအဖွဲ့က ကန့်သတ်တားမြစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခမ်းအနားကို ရန်ကုန်တိုင်း အစိုးရအဖွဲ့က ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ် တွေ၊ လွှတ်တော်ရေးရာ တိုင်းရင်းသားအခွင့်အရေး ကော်မတီ၊ ကရင်နိုင်ငံရေးပါတီတွေ နဲ့ လူငယ်တွေ စုစုပေါင်း လူဦးရေ ၅၀၀ ဝန်းကျင် တက်ရောက်ကြပါတယ်။

ဒီနေ့ ကျရောက်တဲ့ ကရင်အမျိုးသား အာဇာနည်နေ့ အခမ်းအနားတွေကို ဘားအံ၊ မြဝတီ အပါအဝင် မြို့အတော် များများမှာ ကျင်းပခဲ့ကြပါတယ်။ ရန်ကုန်တိုင်းမှာဆိုရင် အခုလို အများပြည်သူပါဝင်ပြီး ကျင်းပတာ ၆ ကြိမ် ရှိသွားပြီလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org