ဒေါ်နော်အုန်းလှရဲ့တင်ပြချက် ပြည်ထောင်စုတရားလွှတ်တော် ပယ်ချ


2020.08.21
karen-martyrs-day-2019-622.jpg ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ၂၀၁၉၊ သြဂုတ် ၁၂ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကျင်းပစဉ်
ဓာတ်ပုံ - သန့်ဇင်ဦး/ RFA

ပြီးခဲ့တဲ့နှစ်က ရန်ကုန်မြို့မှာပြုလုပ်တဲ့ ကရင်အာဇာနည့်နေ့ အခမ်းအနားကြောင့် ထောင် ၁၅ ရက် ချမှတ်ခံခဲ့ရတဲ့အပေါ် အပြစ်မရှိကြောင်းပြင်ဆင်ပေးဖို့ လျှောက်လွှဲချက်ကို ပြည်ထောင်စုတရားလွှတ်တော်ကို မနေ့က ဒေါ်နော်အုန်းလှ ကိုယ်တိုင်သွားတင်ပြပေမယ့် ပယ်ချခံလိုက်ရပါတယ်။

၂၀၁၉ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပရာမှာ တားမြစ်ထားတဲ့စကားလုံး အသုံးပြုခဲ့လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ ခေါင်းဆောင် နော်အုန်းလှ အပါအဝင် ကရင်လူငယ်နှစ်ယောက်ကို ထောင်ဒဏ် ၁၅ ရက် ကျခံဖို့ ကျောက်တံတားမြို့နယ် တရားရုံးက အောက်တိုဘာလ ၂ ရက်နေ့မှာပဲ အမိန့်ချမှတ်ခဲ့ပါတယ်။

သူတို့အနေနဲ့ အပြစ်မရှိဘူးဆိုပြီး ခရိုင်တရားရုံးနဲ့ တိုင်းတရားရုံး အဆင့်ဆင့်လျှောက်လွှဲချက် တင်ပြခဲ့ပေမယ့် ပယ်ချခံရတဲ့အတွက် ပြည်ထောင်စုတရားလွှတ်တော်ကို လျှောက်လွှဲချက်ထပ်တင်ရာမှာ ထပ်မံပယ်ချခံရတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ပြည်ထောင်စုအဆင့် စာချွန်လွှာဌာနကို စာချွန်လွှာထပ်တင်မယ်လို့ ဒေါ်နော်အုန်းလှ က RFA ကို သြဂုတ်လ ၂၁ ရက် ဒီကနေ့မှာ ပြောပါတယ်။

ဒေါ်နော်အုန်းလှဟာ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးချယ်ခံမှာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့မှာ ပြုလုပ်တဲ့ ရန်ကုန်မြို့က ကရင်အာဇာနည်နေ့ အခမ်းအနားကိုလည်း ကိုရိုနာဗိုင်းရပ်စ်စည်းကမ်းတွေအညီ နေ့လည် ၂ နာရီအထိ ကျင်းပဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနနဲ့ ညှိနှိုင်းပြီးမှ မနက် ၁၁ နာရီမှာ ရပ်ဆိုင်းဖို့ဆိုပြီး ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က လာရောက်တားမြစ်ခဲ့ပါတယ်။

အဲဒီနောက် ဦးဆောင်ကျင်းပသူတွေကို ရဲစခန်းခေါ်ဆောင်သွားပြီး ကိုယ်ပိုင်ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့ပေမယ့် ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုသွားမယ့်အကြောင်း ဦးဆောင်ကျင်းပတဲ့ ကရင်လူငယ်တွေကို ပြောခဲ့တယ်လို့ သြဂုတ်လ ၁၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ဦးဆောင်ကျင်းပသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။