ကရင့်အာဇာနည်နေ့ အခမ်းအနားတက်သူ တစ်နှစ်အကြာမှာ ထောင်ဒဏ် ၁၅ ရက်ချခံရ
2020.08.27

ပြီးခဲ့တဲ့နှစ်က ရန်ကုန်မြို့လယ်မှာ ကျင်းပခဲ့တဲ့ ကရင့်အာဇာနည်နေ့ အခမ်းအနား တက်ရောက်ခဲ့သူ ဒေါ်စိန်ထွေး ကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ ဖောက်ဖျက်မှုနဲ့ ကျောက်တံတားမြို့နယ်တရားရုံး က ဒီနေ့ သြဂုတ် ၂၇ ရက်နေ့မှာ ထောင်ဒဏ် ၁၅ ရက် ချမှတ်လိုက်ပါတယ်။
ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့က ဒေါ်စိန်ထွေးဟာ ၂၀၁၉ ခုနှစ် သြဂုတ် ၆၉ နှစ်မြောက် ကရင့် အာဇာနည်နေ့ အခမ်းအနားပြီးကတည်းက အမှုဖွင့်ခံထားရတာပါ။
ဒီနှစ် သြဂုတ် ၁၂ ရက်နေ့ ရန်ကုန်မြို့လယ်မှာပဲ ကျင်းပတဲ့ နှစ် ၇၀ ပြည့် ကရင့်အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ချိန်မှာ ရဲက သူ့ကို အရင်အမှုဟောင်းနဲ့ ပတ်သက်ပြီး ထိန်းသိမ်းလိုက်တာပါ။
၁၅ ရက်ကြာ ထိန်းသိမ်းခံထားရပြီး ဖြစ်ပေမယ့်လည်း နောက်ထပ်ရင်ဆိုင်နေရတဲ့အမှုတစ်ခုကြောင့် လွတ်မြောက် မလာသေးပါဘူး။
ဒီနှစ်မှာလည်း ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ စွဲဆိုခံထားရတာကြောင့် အချုပ်ထဲကနေ အမှုရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ဒီနေ့ တရားရုံးကို တက်ရောက်ခဲ့တဲ့ ကရင်အမျိုးသား စောအဲလ်ဘတ်ချိုက ပြောပါတယ်။
ဒီနှစ် ကျင်းပတဲ့ နှစ် ၇၀ ပြည့် အခမ်းအနားကို ဦးဆောင်ခဲ့တဲ့ စသိန်းဇော်မင်း နဲ့ စောစာကွာလာတို့ကိုလည်း ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ အမှုဖွင့်ထားတာပါ။
ပြီးခဲ့တဲ့နှစ်ကလည်း ကရင်အာဇာနည်နေ့ အခမ်းအနားကို ခွင့်ပြုချက်မရဘဲ ကျင်းပအပြီးမှာ အခမ်းအနား ဦးဆောင်ခဲ့ကြတဲ့ နော်အုန်းလှ၊ စသိန်းဇော်မင်း၊ စောအဲလ်ဘက်ချိုတို့ကို ကျောက်တံတားမြို့နယ် တရားရုံးက ငြိမ်းစုစီပုဒ်မ ၂၀ နဲ့ ထောင်ဒဏ် ၁၅ရက် ချမှတ်ခဲ့ပါသေးတယ်။
ကရင်ခေါင်းဆောင် စောဘဦးကြီး လုပ်ကြံခံရတဲ့ သြဂုတ်လ ၁၂ ရက်နေ့ကို ကရင်အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပကြတာ ဖြစ်ပါတယ်။