ကလေးမှာ နှစ်ပတ်အတွင်း ရွာငါးရွာက နေအိမ် ၇၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ
2024.04.23

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းက ကျေးရွာငါးရွာကို ဧပြီလ ဒုတိယအပတ်ကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် နှစ်ပတ်အတွင်း စုစုပေါင်း နေအိမ်ခုနစ်ရာကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ အဲဒီရွာတွေမှာ နေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၈ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ပျဉ်းခုံကြီးရွာက နေအိမ် ၄၅၀ ကျော်၊ ပျဉ်းခုံလေးရွာက နှစ်ရာခန့်၊ ဟံသာရွာက ၁၃ လုံး၊ ကံသာရွာက ၃၁ လုံး၊ ယောက်ချိုကွင်းရွာက နေအိမ်အလုံးငါးဆယ်ခန့် မီရှို့ဖျက်ဆီးခံရတာလို့ ဆိုပါတယ်။
ဧပြီလ ၂၂ ရက်နေ့ကလည်း ကလေးမြို့နယ်အစပ် တီးတိန်မြို့နယ်ထဲက မိုင်နွဲကျေးရွာကို စစ်ကောင်စီတပ်က ဆက်လက်မီးရှို့ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ကတော့ ကလေးမြို့နယ်အစပ် မိုင်နွဲကျေးရွာကို ဆက်ရှို့နေတယ်။ မိုင်နွဲကတော့ တီးတိန်မြို့နယ်ထဲ ပါတာပေါ့”
ကလေးမြို့နယ်မြောက်ပိုင်း ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့နေတဲ့ စစ်ကြောင်းဟာ လက်ရှိအထိ ပျဉ်းခုံကြီးရွာမှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ဧပြီလ ၂၂ ရက်နေ့ မနက်ပိုင်းကလည်း ကလေးမြို့နယ်မြောက်ပိုင်း စော်ဘွားရေးရှင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ အမျိုးသမီး တစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ခံရမှုတွေကို စာရင်းပြုစုနေတဲ့ Data For Myanmar အဖွဲ့ရဲ့ ဧပြီ ၁၅ ရက်နေ့အထိစာရင်းအရ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ နေအိမ် ရှစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။