ဝတ်ပြုဆုတောင်းသူ ထောင်ချခံရမှု ၈၈အဖွဲ့ ရှုတ်ချ
2015.01.10
ဗ.က.သ များအဖွဲ့ချုပ်က ကျောင်းသူ မဖြူနှင်းထွေး လွတ်မြောက်ဖို့ မန္တလေး မဟာမြတ်မုနိဘုရားကြီးမှာ ဝတ်ပြုဆုတောင်း ခဲ့တဲ့ တမာအရိပ်အမျိုးသမီးအဖွဲ့က မတင်မာရီကို ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၁ လ ချမှတ်လိုက်တာကို ရှုတ်ချကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောပါတယ်။
ပြည်သူတွေအတွက် အကူအညီပေးနေတဲ့သူတွေကို ဖမ်းဆီး၊ ထောင်ချတာတွေ လုပ်နေတာဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းနဲ့ သွေဖယ်နေတယ်ဆိုပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အမျိုးသမီးအဖွဲ့တာဝန်ခံ မနီလာသိန်းက ပြောပါတယ်။
"အခု မတင်မာရီကို မိသားစုဝင်တွေက သွားရောက်တွေ့ဆုံတဲ့အခါမှာ ကျန်းမာရေးမကောင်းတာကို သိရှိရပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီးထိန်းသိမ်းမှုတွေ ရှိလာတဲ့အပြင် နောက်တစ်ခု က သေဆုံးမှုတွေ ရိုက်နှက်ခံရမှုတွေ အဲ့အကြောင်းအရာတွေအပေါ်မှာတော့ တစုံတရာ အရေးယူဆောင် ရွက်မှုမရှိပဲနဲ့ လူထုဘက်ကနေပြီးတော့ လုပ်ဆောင်ပေးနေတဲ့သူတွေကို ဖမ်းဆီးခြိမ်းခြောက်မှုတွေ လုပ်နေတာဟာ လက်ရှိဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုနဲ့ သွေဖယ်နေတာကို ကျမတို့ပြောချင်ပါတယ်"
လက်ပံတောင်းတောင်ဒေသက ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်း တရုတ်လူမျိုးနှစ်ယောက်ကို ပြန်ပေးဆွဲမှုနဲ့ စွပ်စွဲပြီး ဖမ်းဆီးခံခဲ့ရတဲ့ ဗကသများအဖွဲ့ချုပ်က ကျောင်းသူ မဖြူနှင်းထွေး လွတ်မြောက်ရေးအတွက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ မတင်မာရီတို့အဖွဲ့က မဟာမြတ်မုနိဘုရားမှာ ဝတ်ပြုဆုတောင်းခဲ့ကြတာကို ချမ်းမြသာစည် မြို့နယ်ရဲတပ်ဖွဲ့က တရားမဝင် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။
ဇန်နဝါရီလ ၆ ရက်နေ့မှာ တမာအရိပ်အဖွဲ့ဝင် မတင်မာရီကို ချမ်းမြသာစည်မြို့နယ်တရားရုံးက ပုဒ်မ ၁၈ နဲ့ ငွေဒဏ်မချမှတ်ပဲ ထောင်ဒဏ် ၁ လ ချမှတ်လိုက်ပြီး အိုးဘိုထောင်ကို ပို့လိုက်တာဖြစ်ပါတယ်။
ဒါကြောင့် မတင်မာရီလွတ်မြောက်ဖို့အတွက် မန္တလေး မဟာမြတ်မုနိဘုရားကြီးမှာ တမာအရိပ်အမျိုးသမီးအဖွဲ့ဝင်တွေနဲ့ ဒေသခံအမျိုးသမီး ၂ဝ ကျော်လောက်က ဒီကနေ့ ဆုတောင်းပွဲပြုလုပ်ခဲ့ကြပါတယ်။