၈၈ မျိုးဆက်နှင့် အမေရိကန် သံရုံး ပထမအတွင်းဝန်တွေ့ဆုံ ဆွေးနွေး
2012.07.27

ဒီဆွေးနွေးပွဲမှာ မြန်မာနဲ့ အမေရိကန် ပြည်ထောင်စုတို့ကြား နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ပြီးတဲ့ နောက်ပိုင်း အခြေအနေတွေနဲ့ ၈၈ အဖွဲ့ရဲ့ ပြီးခဲ့တဲ့ ၆ လ အတွင်း ဆောင်ရွက်ချက်တွေကို ပြောဆို ဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက RFA ကို ပြောပါတယ်။
"အဓိက ကတော့ ကျွန်တော်တို့ လွှတ်လာပြီးတဲ့ ၆ လလောက် အတောအတွင်းမှာ ကျွန်တော်တို့ လှုပ်ရှားခဲ့တဲ့ အခြေအနေတွေကို အကျဉ်းချုံးပြီး ပြောပြခဲ့ပါတယ်။ သူတို့ကတော့ အခု ဒီနေပြည်တော်နဲ့ ဆက်ဆံရေး အခြေအနေ၊ သံအမတ်အသစ် ခန့်ထားပြီးတော့ ဆက်ဆံရေး တိုးမြှင့်တဲ့ အခြေအနေ ဆိုတော့ ကျွန်တော်တို့ကလည်း ဒါကို အားပေးပါတယ်။ အားပေးတယ် ဆိုတာက ဆက်ဆံရေး တိုးမြှင့်လာတာနဲ့အမျှ နားလည်မှုလည်း မြင့်လာမယ်ပေါ့။ နောက်ကျွန်တော်တို့ နိုင်ငံ အပြောင်းအလဲတွေ ပေါ်မှာလည်း အကျိုး သက်ရောက်မှု ရှိလိမ့်မယ်လို့ ကျွန်တော်တို့က ယုံကြည်တယ်လေ။ အဲတာတွေ ကျွန်တော်တို့ ပြောပြဖြစ်တယ်"
ဒါ့အပြင် အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စနဲ့ ပြန်လွှတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေး အခက်အခဲတွေကိုလည်း ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ အရေးကြီးတဲ့ အကြောင်းလည်း ဆွေးနွေးခဲ့ကြပါတယ်။
ကိုကိုကြီးနဲ့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |