အလုပ်သမားပြဿနာ ဖြေရှင်းရေးကော်မတီဖွဲ့ဖို့ ၈၈ ကျောင်းသားများ တောင်းဆို
2012.05.21

ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုမြအေး အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဒီကနေ့ လှိုင်သာယာမြို့နယ် ဆန္ဒပြစက်ရုံတွေက အလုပ်အမားတွေနဲ့ တွေ့ဆုံပြီးနောက် အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် အခုလို တောင်းဆိုလိုက်တာပါ။ ကိုမင်းကိုနိုင်က အခုလိုပြောပါတယ်။
" ကျွန်တော်တို့ကတော့ အလုပ်သမားဘက်က၊ အလုပ်ရှင်ဘက်ကရယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဒီ ပြဿနာတွေကို ဖြေရှင်းပေးနိုင်စွမ်းရှိဖို့ လိုတယ်ဗျ။ အထူးသဖြင့် အလုပ်သမားရေးရာ ဝန်ကြီးဌာနကနေပြီးတော့ ဒီကိစ္စကို အခြေခံလစာ သတ်မှတ်ပေးတာကအစ ကိုင်တွယ်ဖြေရှင်းသင့်တယ်။ နို့မဟုတ်ရင် ကျွန်တော်တို့ တောင်းပွဲ၊ တိုက်ပွဲတွေကနေတဆင့် မတည်ငြိမ်မှုတွေ ဖြစ်လာလို့ရှိရင် အားလုံးတည်ဆောက်ထားတဲ့ အခြေအနေတွေ ပျက်ဆီးသွားမှာကိုလည်း ကျွန်တော်တို့ မလိုလားဘူး။ စိုးရိမ်ပူပန်မှုတွေလည်းရှိပါတယ်။ ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အားလုံးဖြေရှင်းနိုင်ဖို့အတွက် ကျွန်တော်တို့ သာမန်ပြည်သူတွေ အပါအဝင် စိတ်ဝင်စားတဲ့၊ ရတဲ့အချိန်မှာ ဒီကိစ္စကို အစိုးရအဖွဲ့က၊ တိုင်းဒေသကြီး အစိုးရက မဖြေရှင်း နိုင်ရင်လည်း ပြည်ထောင်စုအစိုးရ အဆင့်ပေါ့လေ၊ ငြိမ်းငြိမ်းချမ်းချမ်း ဝင်ပြီးဖြေရှင်းပေးဖို့ လိုပြီလို့ ကျွန်တော်တို့ မြင်ပါတယ်"
၈၈ မျိုးဆက် ကျောင်းသားများအနေနဲ့ အလုပ်သမား ပဋိပက္ခဖြေရှင်းရေး ကော်မတီတစ်ရပ် ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း အသီးသီးကို တင်ပြတောင်းဆိုသွားမယ်လို့လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။
အလုပ်သမားတွေ အနေနဲ့လည်း မိမိတို့ ရပိုင်ခွင့်တွေအတွက် တောင်းဆိုရာမှာ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့ ညီညီညွတ်ညွတ် ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့တယ်လို့လည်း ဆိုပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အဖွဲ့နဲ့အတူ၊ မြန်မာနိုင်ငံ လူငယ်များအစည်းအရုံး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး Generation Wave စတဲ့ အဖွဲ့အစည်း အသီးသီးက လူငယ်အဖွဲ့ဝင်တွေလည်း ဆန္ဒပြ အလုပ်သမားတွေနဲ့ တွေ့ဆုံပြီး အလုပ်သမား အခွင့်အရေးအတွက် ကူညီတိုက်တွန်း တောင်းဆိုသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
လှိုင်သာယာ စက်မှုဇုန် စက်ရုံ ၆ ရုံက အလုပ်သမားတွေဟာ အခြေခံလုပ်ခလစာ တိုးမြှင့်ရေးအတွက် ပြီးခဲ့တဲ့ သီတင်းပတ်တွေကစပြီး နေ့စဉ်လို ဆန္ဒပြ တောင်းဆိုနေခဲ့ကြပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား အလုပ်သမားရေး ဝန်ကြီးဌာနက ဝင်ရောက်ညှိနှိုင်း ဆောင်ရွက်ခဲ့ပေမဲ့ ပြေလည်မှု မရရှိသေးပါဘူး။