အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ ၈၈ မျိုးဆက်ကျောင်းသား ၅ ဦး တွေ့ခွင့်တောင်း

မြန်မာနိုင်ငံကို လာရောက်ပြီး နိုင်ငံရေးအခြေအနေ ကို လေ့လာနေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Marty Natalegawa နဲ့ တွေ့ဆုံပြီး ဆွေးနွေး တင်ပြနိုင်ရေးအတွက် လတ်တလော အကျဉ်းထောင် တွေက ပြန်လည် လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေက စာရေး တောင်းဆိုထားတယ်လို့ သိရပါတယ်။

2011.10.28

စာရေးသား တောင်းဆိုထားသူတွေ ကတော့ ကိုချစ်ကိုလင်း၊ ကိုသော်ဇင်ထွန်း၊ မနိုးနိုး၊ ကိုကိုကြီး (စမ်းချောင်း) နဲ့ ကိုဇော်ထက်ကို တို့ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့ ကတည်းက စာရေးသား တောင်းဆိုထားတာလို့ ကိုချစ်ကိုလင်း က အာအက်ဖ်အေကို ပြောပါတယ်။

သူတို့ ရေးသား တောင်းဆိုတဲ့ စာမှာ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက် မရှိ လွှတ်ပေးရေး၊ တိုင်းရင်းသား နယ်မြေတွေက ထိုးစစ်တွေ ရပ်စဲရေး နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသား အဖွဲ့တွေနဲ့ ဆွေးနွေးရေး အတွက် အာဆီယံ ဥက္ကဋ္ဌ တဦးအနေနဲ့ သမ္မတ ဦးသိန်းစိန် အစိုးရကို တိုက်တွန်းပေးဖို့ ရေးသား ထားတယ်လို့ ပြောပါတယ်။

ဒီစာကို ရန်ကုန်မြို့က အင်ဒိုနီးရှား သံရုံးမှာ လူကိုယ်တိုင် ပေးအပ်ခဲ့သလို၊ စာတိုက် နဲ့ အီးမေးလ်က တဆင့်လည်း ပေးပို့ခဲ့တယ်လို့ ကိုချစ်ကိုလင်းက ပြောပါတယ်။

မနေ့က အထိတော့ အင်ဒိုနီးရှား သံရုံးက စာပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဘာမှ အကြောင်းပြန်တာ မရှိသေးဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။