၈၈ အဖွဲ့ နဲ့ အောက်စဖို့ဒ် တက္ကသိုလ်ပညာရေး ဆွေးနွေး
2013.06.24
ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈မျိုးဆက် အဖွဲ့ဟာ မနေ့က Oxford တက္ကသိုလ်ကို သွားရောက် လေ့လာခဲ့ပြီး ကျောင်းက တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံက ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး အကူအညီပေးဖို့ပန်ကြားခဲ့ပါတယ်။
အဖွဲ့ဟာ မနေ့မနက်ပိုင်းက Oxford တက္ကသိုလ်လက်အောက်ခံ ကောလိပ်တွေက စာကြည့်တိုက် တွေ၊ စာသင်ဆောင်တွေကို လေ့လာခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့နေရာ၊ စာဖတ်ခဲ့ ရာနေရာတွေကို အမှတ်တရနေရာတွေအဖြစ် စီစဉ်ထားတာကိုလည်း ကျောင်းအာဏာပိုင်တွေ က ပြသခဲ့ပါတယ်။
ဆက်လက်ပြီး မြန်မာနိုင်ငံက ပညာရေးနဲ့ပတ်သက်လို့ တက္ကသိုလ်အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့ကြောင်းကို ကိုမြအေးက ပြောပါတယ်။
"ရန်ကုန်တက္ကသိုလ်ဆိုတာ အရင်တုန်းက အောက်စဖို့က သင်ရိုးညွှန်တမ်းနဲ့ သွားတယ်ဆိုတာ နားလည်ထားတယ်လေ။ဒါကြောင့် ဒီလို ကမ္ဘာအဆင့် တန်းဝင် ဖြစ်လာအောင် အောက်စဖို့က ပုဂ္ဂိုလ်တွေအနေနဲ့ ဘယ်လိုကူညီနိုင်မလဲဆိုတာ ဆွေးနွေးကြတယ်။သူတို့ဘက်ကလည်း လိုလိုလားလား နည်းလမ်းရှာပြီး ကူညီမယ်ဆိုတာကို ပြောတယ်"
၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့ဟာ ဒီကနေ့ ဗြိတိန်အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ အမှတ် (၁၀) ဒေါင်းနင်းလမ်းမှာ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။