လွတ်လပ်စွာပြောဆိုခွင့် ပိတ်ပင်မှု Pen Myanmar နဲ့ ၈၈ ပွင့်လင်း ကန့်ကွက်


2014.02.18
literature-talk-305.jpg ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖျက်သိမ်းလိုက်တဲ့ ရန်ကုန် မြို့ မြောက်ဥက္ကလာပမြို့နယ်က စာပေဟောပြောပွဲ ကို တွေ့ရစဉ်
photo: ခွန်ဒီးယမ် ဖေ့ဘုတ်

စာရေးဆရာတချို့ ဒီနှစ်အတွင်း စာပေဟောပြောခွင့် ပိတ်ပင်တားဆီးခံရတာနဲ့ ပတ်သက်ပြီး Pen Myanmar အဖွဲ့နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းတွေက ကြေညာချက်အသီးသီး ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။

ဖေဖေါ်ဝါရီ ၁၇ ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ Pen Myanmar အဖွဲ့ရဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံအတွင်း ကျင်းပတဲ့ စာပေဟောပြောပွဲတွေကို သက်ဆိုင်ရာ ကနေ ခွင့်ပြုချက်ယူပြီးမှ ဆောင်ရွက်ကြတာဖြစ်ပေ မယ့် တချို့နေရာတွေမှာ ဒေသခံအာဏာပိုင်တွေ က နှောက်ယှက်တားမြစ် ပိတ်ပင်တာတွေ ရှိနေကြောင်း၊ ဒါ့အပြင် စာရေးဆရာတချို့ကို ဘာသာရေးအကြောင်းပြပြီး ဟောပြောခွင့် ပိတ်ပင်နေတာဟာလည်း လူသားတိုင်းရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖေါ်ခွင့်ကို ထိခိုက်စေကြောင်းနဲ့ ဒါတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွန်းတွေနဲ့ကိုက်ညီမှုမရှိသလို Pen International အဖွဲ့ရဲ့ ပဋိဉာဉ်နဲ့လည်း ဆန့်ကျင်နေတဲ့အတွက် မိမိတို့က ကန့်ကွက်ကြောင်း ဖေါ်ပြထားပါတယ်။

အလားတူ ဒီနေ့ဖေဖေါ်ဝါရီ ၁၉ ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ ၈၈ မျိုးဆက်အဖွဲ့ရဲ့ ကြေညာချက်မှာလည်း နေပြည်တော် တပ်ကုန်းမြို့မှာ စာရေးဆရာ မင်းကိုနိုင်နဲ့ စာရေးဆရာဂျင်မီတို့ရဲ့ ဟောပြောပွဲကို ပြီးခဲ့တဲ့လက ပိတ်ပင်ခဲ့မှု၊ ပျော်ဘွယ်မြို့မှာ စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)နဲ့ ဦးဘုန်း (ဓာတု) တို့ကို ပိတ်ပင်ခဲ့မှု၊ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်က စာပေဟောပြောပွဲမှာ စာရေးဆရာမြအေးနဲ့ စာရေးဆရာ ဦးကိုနီတို့ကို ပိတ်ပင်ခဲ့မှုနဲ့ ပြီးခဲ့တဲ့ ၁၅ ရက်နေ့ညက မန္တလေးမှာ စာရေးဆရာမြအေး ပါဝင်ဟောပြောမှာကို ထပ်မံအင်အားသုံး ဟန့်တားခဲ့မှုတွေဟာ ဒီမိုကရေစီဆန့်ကျင်တဲ့ လုပ်ရပ်တွေဖြစ်ကြောင်းနဲ့  အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ဒီမိုကရေစီထွန်းကားရေးကို လိုလားတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ စာရေးဆရာတွေရဲ့ အခွင့်အရေးကို ဝိုင်းဝန်းကာကွယ်သွားကြဖို့ ၈၈ မျိုးဆက်အဖွဲ့ရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ Pen Myanmar အဖွဲ့က စာရေးဆရာ နေဘုန်းလတ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက စာရေးဆရာ ဂျင်မီတို့ကို RFA အဖွဲ့သား ကိုနေရိန်ကျော် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။