၂၀၁၅ ရွေးကောက်ပွဲအတွက် ဝင်ကြေးလျှော့ပေး
2013.11.22

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် မယ့် ကိုယ်စားလှယ်လောင်းဝင်ကြေးကို အရင် ငွေကျပ် ၅သိန်းကနေ ၃သိန်းလို့ လျော့ပေါ့ပေးပေ မယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီ မကျေနပ်ချက်တိုင်တန်းတဲ့အခါ ပေးသွင်းရတဲ့ ငွေကျပ် ဆယ်သိန်းကိုတော့ မပြင်ဆင်ပေးဘူး လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီနေ့ ပြောလိုက်ပါတယ်။
နိုင်ငံရေးပါတီတွေနဲ့ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးတို့ ဒီနေ့ ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ တွေ့ဆုံရာမှာ ပြောကြားခဲ့ တာ ဖြစ်ပါတယ်။
ဒီနေ့ တွေ့ဆုံပွဲမှာ ကော်မရှင်ဥက္ကဌ ဦးတင်အေး ပြော ကြားခဲ့တာကို ဒီနေ့ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ အတွင်းရေးမှူး ၁ ဦးကြည်သန်းက အခုလိုပြောပါတယ်။
"သုံးသိန်းအထိ လျော့ပေးမယ်လို့ ပြောပါတယ်၊ မဲ ၈ ပုံ ၁ ပုံရလို့ရှိရင် ပြန်ပေးမယ်လို့ ပြောပါ တယ်၊ ရွေးကောက်ပွဲခုံရုံးအတွက် ပေးသွင်းရမယ့်ငွေကတော့ လျော့မပေးတော့ဘူးလို့ ပြောသွားတာရှိ ပါတယ်၊ လျော့ပေးတဲ့ဟာကတော့ ကျနော်တို့ ပါတီအများစုကလည်း လိုလားပါတယ်၊ ပါတီစုံဒီကမိုကရေစီ ရွေးကောက်ပွဲဖြစ်ဖို့ကတော့ ပါတီတွေကနေပြီးတော့ ကိုယ်စားလှယ်တွေ များများဝင်နိုင်ဖို့ အရေးကြီးတယ်လေ"
နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲအပြီး မကျေနပ်လို့ တိုင်တန်းတဲ့အခါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို သွင်းရတဲ့ငွေကျပ် ဆယ်သိန်းကို လျှော့ပေါ့ပေးစေချင်တဲ့ ဆန္ဒရှိတယ်လို့လည်း သိရပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ ဝါရှင်တန်ဒီစီအခြေစိုက် ရွေးကောက်ပွဲများဆိုင်ရာ အပြည်ပြည်ဆိုင် ရာ ဖောင်ဒေးရှင်း (IFES) တို့ ပူးပေါင်းရေးဆွဲထားတဲ့ အချက် ၁၂ချက်ပါ ရွေးကောက်ပွဲ မဟာဗျူဟာစီမံကိန်းနဲ့ ပတ်သက်ပြီး ဒီနေ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဟာ အဲ့ဒီရွေးကောက်ပွဲ မဟာဗျူဟာစီမံချက်နဲ့ ပတ်သက်ပြီး အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့လည်း မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အတွင်းရေးမှူး ၁ ဦးကြည်သန်းကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။