ကျောက်မဲ အနိုင်ရ NLD ကိုယ်စားလှယ် သေနတ်နဲ့ ပစ်သတ်ခံရ


2020.11.21
NLD-candidate--election-622 သေဆုံးသွားတဲ့ NLD ပါတီ ကိုယ်စားလှယ်ဦးထိုက်ဇော်
Nay Myo Zaw FB

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ်(၁) နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ NLD ပါတီရဲ့ ကိုယ်စားလှယ် ဦးထိုက်ဇော်ဟာ ဒီနေ့ ညပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားပါတယ်။

ဒီနေ့ည ခြောက်နာရီလောက်က နေအိမ်ရှေ့မှာ ဖွင့်လှစ်ထားတဲ့ကုန်စုံဆိုင်မှာရှိနေချိန် သေနတ်သမားက လာရောက်ပစ်ခတ်ခဲ့တာကြောင့် ရင်ဘတ်ကို သေနတ်ကျည်ဆံ ထိမှန်ပြီး သေဆုံးသွားတာလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

သေနတ်ဒဏ်ရာတွေနဲ့ ဦးထိုက်ဇော်ကို ကျောက်မဲဆေးရုံကို ပို့တောင်ခဲ့ကြပေမယ့် ဆေးရုံအရောက်မှာပဲ သေဆုံးသွားတာဖြစ်ပါတယ်။

NLD ကိုယ်စားလှယ် ဦးထိုက်ဇော် ပစ်ခတ်ခံရပြီး သေဆုံးရတဲ့ကိစ္စဟာ ဘယ်သူ့လက်ချက်လဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ကျောက်မဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၅) ရက်နေ့ကလည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရဲ့ နေအိမ်သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါသေးတယ်။

အဲ့ဒီပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌရဲ့ နေအိမ်မှန်တွေ ပျက်စီးခဲ့ပါတယ်။

(၂၀၂၀) ပြည့်နှစ် ရွေးကောက်ပွဲမှာ ကျောက်မဲခရိုင်အတွင်း နိုင်ငံရေးပါတီ (၁၀) ပါတီ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

ကျောက်မဲခရိုင်တွင်းမှာ နောင်ချိုမြို့နယ်ကလွဲပြီး သီပေါ၊ နမ္မတူ၊ ကျောက်မဲမြို့နယ်တွေမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က နေရာအများဆုံး အနိုင်ရခဲ့ပါတယ်။

အမျိုးသားလွှတ်တော် အမှတ်(၁) နေရာအတွက်ကိုတော့ NLD ပါတီကိုယ်စားလှယ် ဦးထိုက်ဇော်က မဲပေါင်း (၅၀) ကျော် အသာနဲ့ SNLD ပါတီကိုယ်စားလှယ်ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။