ရွှေ့ပြောင်း အလုပ်သမားများ မှတ်ပုံတင်ရေး ထိုင်းအစိုးရ ရက်တိုးပေး
2013.01.16

ထိုင်းအလုပ်သမားဝန်ကြီးဌာနက တင်ပြထားတဲ့ ယာယီပတ်စပို့စ် ပြုလုပ်ရေးလုပ်ငန်းစဉ် တိုးချဲ့သွားရေးအဆိုပြုချက်ကို မနေ့ကကျင်းပတဲ့ ထိုင်းအစိုးရဝန်ကြီးများ အစည်းအဝေးက သဘောတူဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
၂၀၁၂ခုနှစ်၊ ဒီဇင်ဘာ ၁၅ရက်ကစတင်ပြီး ဒီအမိန့်အာဏာတည်ကြောင်း NGOs အဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းထားတဲ့ ရွှေ့ပြောင်းအလုပ်သမားအရေး ပူးပေါင်းလုပ်ဆောင်မှုကော်မတီ MWG အဖွဲ့က တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။
“မနေ့ကသဘောတူတဲ့အချက်ကတော့ ကျနော်တို့ ဒီဇင်ဘာလ ၁၄ရက်နေ့မှာ နိုင်ငံသားစီစစ်ရေးလုပ်ငန်း သက်တမ်းကုန်တာပေါ့ အဲဒီတော့နောက်ထက် ရက် ၁၂၀သက်တမ်းတိုးပေးတာရယ်၊ အဲဒီမှာ ဒီထိုင်းနိုင်ငံမှာရှိသေးတဲ့ တရားမဝင် အလုပ်သမားတွေအားလုံးကို သူတို့ဆက်ပြီးတော့ နိုင်ငံသားစီစစ်ရေး ပြုလုပ်ပေးဖို့၊ အဲဒီအပြင်ကို သူတို့ရဲ့ အသက် ၁၅နှစ်အောက် ကလေးတွေကိုပါ သူတို့သက်ဆိုင်ရာနိုင်ငံတွေပေါ့ သူတို့မိဘတွေရဲ့ အထောက်အထားအတိုင်းအရပေါ့ အဲဒီနိုင်ငံကူးလက်မှတ် သို့မဟုတ်ရင် CI (Certificate of Identification) ဆိုတဲ့ အထောက်အထားစာရွက် ထုတ်ပေးပြီးတော့ ထိုင်းနိုင်ငံအနေနဲ့ သူတို့မိဘတွေအတိုင်းပေါ့ ဗီဇာနေထိုင်ခွင့်ကို ထုတ်ပေးဖို့”
ဒါ့အပြင် အသက် ၁၅နှစ်အောက် ကလေးတွေအတွက် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးနဲ့အတူ ကျန်းမာရေးအာမခံပြုလုပ်ခွင့်ကိုလည်း ခွင့်ပြုလိုက်တယ်လို့သိရပါတယ်၊ အစိုးရခွင့်ပြုချက်အရ ထိုင်းပြည်ထဲရေးဌာနအမိန့်နဲ့ အလုပ်အကိုင်ခန့်ထားရေးဌာနက တလအတွင်း ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ထုတ်ပေးမှာဖြစ်တဲ့အတွက် လုပ်ငန်းရှင်တွေက မိမိတို့အလုပ်သမားတွေရဲ့ လိုအပ်တဲ့အထောက်အထား မှတ်တမ်းတွေကို သွားရောက်တင်ပြနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီအထောက်အထားတွေ ထုတ်ပေးဖို့အတွက် စမုတ်ပရာကန်၊ စမုတ်ဆာခွန်၊ ပထုံဌာနီ၊ ချင်းမိုင်နဲ့ ဆောင်ခလာ ခရိုင်တွေမှာ လုပ်ငန်းအကောင်အထည်ဖော်ရေးရုံးတွေကို အလုပ်သမားဝန်ကြီးဌာနက ဖွင့်လှစ်ထားရှိပေးသွားမှာ ဖြစ်ပါတယ်။
လာမယ့်ဧပြီလ ၁၅ရက်နောက်ပိုင်း ယာယီပတ်စပို့စ် မပြုလုပ်တဲ့အလုပ်သမားတွေကို ဖမ်းဆီးပြန်ပို့မှာဖြစ်ပြီး လုပ်ငန်းရှင်ကိုလည်း ဥပဒေအရ အရေးယူမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ မြန်မာအလုပ်သမား ၁သန်းခွဲခန့်ကို ယာယီပတ်စပို့စ် ထုတ်ပေးထားပြီး အထောက်အထားမဲ့ မြန်မာအလုပ်သမားဦးရေ ၅သိန်းခန့် ကျန်ရှိနေတယ်လို့ အလုပ်သမားရေးအဖွဲ့တွေက ခန့်မှန်းထားပါတယ်။