ချင်းလူငယ်လေးဦးကို AA ဖမ်းဆီးထားကြောင်း KACC ထုတ်ပြန်
2020.07.31
ချင်းပြည်နယ် ပလက်ဝမြို့နယ်က ချင်းလူငယ် လေးဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားကြောင်း ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC) က မနေ့ကထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၃၀ ရက်နေ့က ချင်းလူငယ် ခုနှစ်ဦးဟာ ကျောက်တော်မြို့ကနေ ပလက်ဝမြို့နယ်ထဲကို ပြန်လာကြရာမှာ ကျောက်တော်နဲ့ ပလက်ဝမြို့နယ်အစပ် ငသရိုင်းကျေးရွာဘက်အရောက်မှာ လူငယ် ၇ ဦးထဲက လေးဦးဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC) ရဲ့ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေ က RFA ကိုပြောပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ် လေးဦးဟာ ဆလိုင်းအောင်စိုး၊ ဆလိုင်းဗန်တာမန်၊ ဆလိုင်းအောင်ထွန်းကိုနဲ့ ဆလိုင်းခင်မောင်ထွန်းတို့ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီအထဲက ဆလိုင်းဗန်တာမန်ဟာ မလေးရှားကနေ ပြန်လာသူဖြစ်ပြီး သူ့ရဲ့သူငယ်ချင်းဖြစ်သူ ဆလိုင်းအောင်စိုးနဲ့ ရန်ကုန်မြို့ကနေ နေရပ်ကိုအတူပြန်လာကြတာဖြစ်သလို ဆလိုင်းအောင်ထွန်းကိုဟာလည်း ဖားကန့်ကနေ ပြန်လာသူဖြစ်တယ်လို့ ပြောပါတယ်။
ချင်းလူငယ် လေးဦးဖမ်းဆီးခံရတဲ့နေရာမှာ ပြီးခဲ့တဲ့ဇွန်လအတွင်းကလည်း ပလက်ဝမြို့နယ် တုန်းမဝကျေးရွာက ဆန်လာရှာတဲ့ ချင်းအမျိုးသား ဦးလှကျော် သတ်ဖြတ်ခံခဲ့ရတဲ့နေရာဖြစ်တယ်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC) က ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လူငယ် လေးဦးဖမ်းဆီးခံထားရတဲ့ကိစ္စအပေါ် သက်ဆိုင်ရာအစိုးရအာဏာပိုင်တွေထံကို သတင်းပေးပို့ထားတယ်လို့လည်း ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။