ကျောက်တော်မြို့က စစ်ကောင်စီ တပ်ရင်းတစ်ခုကို AA သိမ်းပိုက်
2024.01.30

ရခိုင်ပြည်နယ် ကျောက်တော်အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေး ကွပ်ကဲမှု (စကခ) ၉ လက်အောက်ခံ ခမရ (၃၇၄) တပ်ရင်းကို ဇန်နဝါရီ ၃၀ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဇန်နဝါရီလ ၃၀ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
မင်းပြားမြို့က စကခ (၉) လက်အောက်ခံ ခမရ (၃၈၀) တပ်ရင်းကိုလည်း စစ်ကောင်စီဘက်က ခုခံနေတဲ့ကြားက ဇန်နဝါရီလ ၂၈ရက်နေ့မှာ AA က သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စတဲ့မြို့တွေက ကျန်နေတဲ့ စစ်ကောင်စီ တပ်ရင်းတွေကိုလည်း အပြီးသတ်သိမ်းယူနိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စတဲ့မြို့တွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ကြား တိုက်ပွဲတွေပြင်းထန်နေပြီး ဘူးသီးတောင်၊ မောင်တောနဲ့ ရမ်းဗြဲမြို့တွေမှာလည်း တိုက်ပွဲအနည်းငယ်ဖြစ်နေတယ်လို့ ရေးသားထားပါတယ်။
ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် (AA) က အလုံးစုံထိန်းချုပ်ထားပြီလို့ ဇန်နဝါရီ ၂၄ ရက်နေ့ ညမှာ ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
တပ်ရင်းတွေသိမ်းခံရတယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့အထိ အရပ်သား ရှစ်ဆယ်ကျော်သေဆုံးခဲ့ပြီး နှစ်ရာကျော် ဒဏ်ရာရခဲ့ပါတယ်။