ဖမ်းဆီးခံ ပေါက်တောဒေသခံ တစ်ရာနီးပါးကို AA ကယ်ထုတ်
2023.11.21

စစ်ကောင်စီက လူသားဒိုင်းနဲ့ ဓားစာခံအဖြစ် ပြန်ပေးဆွဲထားတဲ့ ပေါက်တောမြို့ခံ ရဟန်းသံဃာ၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် လူဦးရေ တစ်ရာခန့်ကို နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ပါတယ်။
အဲဒီဒေသခံတွေဟာ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ကယ်ထုတ်နိုင်ခဲ့တာလို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရက္ခိုင့်တပ်တော် AA က ပေါက်တောမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာနေရာကို ဝင်ရောက်တိုက်ခိုက်ပြီး ဓားစာခံတွေကို ကယ်ထုတ်ခဲ့တာလို့ ဆိုပါတယ်။
ဒီလိုကယ်ထုတ်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီနဲ့ AA နှစ်ဖက်လုံးမှာ ထိခိုက်သေဆုံးတာတွေရှိတယ်လို့ AA က ထုတ်ပြန် ပေမဲ့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူတွေနဲ့ အဆက်အသွယ်ရဖို့လည်း RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။ နိုဝင်ဘာ ၂၁ ရက်နေ့ စစ်ရေးအခြေအနေကို ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်ရဲ့ သတင်းစာမျက်နှာတွေကတစ်ဆင့် သတင်းထုတ်ပြန်ရာမှာတော့... ပေါက်တောမြို့ကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ပြန်လည်ထိန်းချုပ်ခဲ့ပြီး လုံခြုံရေးကင်းလှည့်ခဲ့တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပေမဲ့ ဖမ်းဆီးခံထားရသူတွေနဲ့ပတ်သက်လို့ ထုတ်မပြောခဲ့ပါဘူး။
စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းကနေ လက်နက်ကြီးတွေ အတွဲလိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်း AA ကြေညာချက်မှာ ပါရှိပါတယ်။ အသေးစိတ်သိရဖို့ AA ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၆ ရက်နေ့က အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် တစ်နှစ်ခန့်အကြာ ၂ဝ၂၃၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။