အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေက စစ်ကောင်စီတပ်စခန်းတစ်ခု AA သိမ်းပိုက်
2024.03.28
ရခိုင်ပြည်နယ်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့နယ်က ဂါယ်လောင်းနဲ့ လုံးကောက်ကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီထောက်ပို့တပ်စခန်းတစ်ခုကို မတ်လ ၂၇ ရက် ညနေက ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်လိုက်တယ်လို့ အဲဒီဒေသမှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတပ်စခန်းကို နှစ်ရက်ခန့် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ခဲ့တာလို့ ဒီအခြေအနေကို သိရှိထားတဲ့ ဒေသခံတစ်ဦးက RFA ကို မတ်လ ၂၇ ရက်နေ့ ညနေက ပြောပါတယ်။
“ဂါယ်လောင်းဆိုတဲ့ကျေးရွာနဲ့ လုံးကောက်ဆိုတဲ့ကျေးရွာအနီးမှာ ၃၇၂ တပ်ရင်းရှိတယ်။ အဲဒီ ၃၇၂ တပ်ရင်းကို မရောက်ခင် တစ်မိုင်လည်းပြည့်မှာမဟုတ်ပါဘူး။ အဲဒီမှာ ထောက်ပို့စခန်းငယ်တစ်ခု ရှိပါတယ်။ အဲဒီထောက်ပို့စခန်းကို AA က ဝင်တိုက်နေတာ တစ်ရက် နှစ်ရက်ရှိနေပြီ။ ဒီနေ့ညနေပိုင်းမှာတော့ သိမ်းလိုက်ပြီလို့ သိရတယ်”
အဲဒီတပ်စခန်းမှာ စစ်ကောင်စီတပ်ဘက်က အင်အားဘယ်လောက်ရှိတယ်ဆိုတာနဲ့ နှစ်ဘက်ထိခိုက်မှုအခြေအနေ အသေးစိတ်ကို မသိရသေးသလို ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ရော၊ ရက္ခိုင့်တပ်တော် (AA) ဘက်ကပါ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
မတ်လ ၂၇ ရက် ည ၈ နာရီလောက်မှာတော့ ဂါယ်လောင်းနဲ့ လုံးကောက်ကျေးရွာအနီးကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဥ် MI-35 တစ်စင်းနဲ့ လာရောက်ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီကျေးရွာနှစ်ရွာက ဒေသခံတွေ အများစုကတော့ တိုက်ပွဲအပြင်းအထန် မဖြစ်ပွားခင် မတ်လ ၂၅ ရက်နေ့ကတည်းက ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။