စစ်တွေနဲ့ ပုဏ္ဏားကျွန်းမှာ အဖမ်းခံရတဲ့ ဒေသခံ ၂၉ ဦးရှိပြီလို့ AA ထုတ်ပြန်

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ အခု ဇွန်လအတွင်း စစ်ကောင်စီ တပ်ဘက်က ဖမ်းထားတဲ့ ဒေသခံ ၂၉ ဦးရှိပြီလို့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၂၅ ရက်နဲ့ ၂၆ ရက်က သတင်းတွေ ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေက စစ်တွေမြို့ပေါ်မှာ အဖမ်းခံလိုက်ရတဲ့ ဒေသခံ ၂၁ ဦးရှိပြီး ပုဏ္ဏားကျွန်းမြို့မှာ အဖမ်းခံရတာ ရှစ်ဦးရှိတယ်လို့ အဖမ်းခံရသူတွေရဲ့ အမည်၊ အသက်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာတွေနဲ့တကွ ထုတ်ပြန်လာတာပါ။
အဲဒီအထဲမှာ စစ်တွေမြို့နယ် လက်မချေရွာက မွတ်စလင် လေးဦးနဲ့ သက္ကယ်ပြင်ရွာက မွတ်စလင်တစ်ဦးလည်း ပါဝင်သလို ပုဏ္ဏားကျွန်း ပေါက်တောမြင်ရွာက လူငယ်တစ်ဦးနဲ့ စစ်တွေမြို့ပေါ်က လူငယ်သုံးဦးကတော့ အသက် ၁၈ နှစ်အောက်တွေဖြစ်တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်တွေမြို့ မင်းဂံရပ်ကွက် (၉) မှာ အဖမ်းခံလိုက်ရတဲ့ ဦးဦးစံမောင်ရဲ့သား ကိုမျိုးကျော်လှိုင် က ဒီနေ့အချိန်အထိ အဖေနဲ့ အဆက်အသွယ်မရလို့ စိုးရိမ်နေတယ်လို့ RFA ကို ပြောပါ တယ်။
“အဖေ့ကို ဖမ်းသွားတဲ့နေ့ကတည်းက ကျနော်တို့ စုံစမ်းတယ်။ ရဲစခန်းကိုလည်း သွား ရှာတယ်။ သူတို့ကလည်း မရှိဘူးပြောပါတယ်။ စစ်တပ်ထဲကို သွားရှာရင်လည်း ၀င်လို့ မရဘူး။ အခုအထိ အဆက်အသွယ်မရသေးတော့ အဖေ့ကို စိတ်ပူတယ်။ ဘယ်လိုနေရလဲ၊ ဘယ်လိုစားနေရလဲ မသိရဘူးလေ”
စစ်တွေမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ဗိုလ်အဆင့်ရှိတဲ့ ရေတပ်အရာရှိတစ်ဦးနဲ့ စစ်ကောင်စီတပ်သားတို့ ကို AA က ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်သားတွေ မြို့ကို ပိတ်ဆို့စစ်ဆေးရင်း ဦးဦးစံမောင်ကို နေအိမ်ကနေ ဖမ်းခေါ်သွားတာပါ။
စစ်တွေမြို့ပေါ်မှာ အဖမ်းခံလိုက်ရတဲ့ ဒေသခံတွေအားလုံးလည်း အခုအချိန်အထိ မိသားစုနဲ့ အဆက်အသွယ် မရကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့ပေါ်မှာ စစ်သားတစ်ဦးကို AA က ဖမ်းသွား ပြီးနောက်ပိုင်း စစ်ကောင်စီဘက်က ပြန်ဖမ်းသွားတဲ့ ဒေသခံရှစ်ဦးလည်း ဒီနေ့အချိန်အထိ အဆက်အသွယ်မရကြဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးနေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို လည်း RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမယ့် နေ့လယ်ပိုင်းထိ ဖုန်းလက်ခံဖြေ ဆိုတာ မရှိသေးပါဘူး။
အလားတူပဲ အခုလထဲမှာ ကျောက်တော်၊ မြောက်ဦး စတဲ့ မြို့နယ်တွေက စစ်သားအချို့ကို AA က ဖမ်းသွားပြီးနောက်ပိုင်း ဒေသခံအချို့ကို စစ်ကောင်စီဘက်က ဖမ်းဆီးတာတွေရှိခဲ့ ပါတယ်။