အိမ်ဖျက်သူနဲ့အဖျက်ခံရသူတွေ အပြန်အလှန်တိုက်ခိုက်
2014.12.16

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က အနော်ရထာ စက်မှုဇုန် မြစိမ်းရောင်အိမ်ယာစီမံကိန်းမြေပေါ်မှာ ဝင်ရောက်နေထိုင်သူတွေကို သက်ဆိုင်ရာက ရှင်းလင်း ဖျက်သိမ်းရာကနေ အိမ်ဖျက်သူတွေနဲ့ အဖျက်ခံရသူတွေ ကြား မနေ့ညနေက အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပြီး ဒဏ်ရာရသူတချို့ရှိတယ်လို့ သတင်းရရှိပါတယ်။
တဲအိမ် တစ်ထောင်ကျော်လောက်ရှိတဲ့ အဲ့ဒီနေရာမှာ၊ ၁၅ ရက်နေ့က ရဲနဲ မြို့နယ်အုပ်ချုပ်ရေးမှုးတို့ ဦးစီးပြီး အိမ်ခြေ ၄၀၀ ကျော်ကို လူအင်အားနဲ့ ဝင်ရောက်ဖျက်သိမ်းခဲ့ ပါတယ်။
မနေ့ညနေကတော့ ဒုတ်၊ဓား၊ လက်နက်တွေပါရှိတဲ့ အမည်မသိလူတစုက အဲ့ဒီဖျက်ထားတဲ့ ဝါးဓနိတွေကို ဖယ်ရှားဖို့ရောက်လာရာကနေ၊ အိမ်ဖျက်ခံရသူတွေနဲ့ အပြန်အလှန်တိုက်ခိုက်ကြတာလို့ မျက်မြင်သက်သေ တစ်ဦးဖြစ်တဲ့ လှိုင်သာယာပဋိပက္ခဖြေရှင်းရေးကွန်ရက် အဖွဲ့က ကိုကြည်ရွှင်က RFA ကိုပြောပါတယ်။
အိမ်ဖျက်ခံရသူတွေက အိမ်ဖျက်ဖို့ရောက်လာသူတွေကို အင်အားနဲ့ ဝိုင်းလိုက်ကြတဲ့အတွက် အဲ့ဒီလူတွေထွက်ပြေးသွား ကြတယ်လို့ဆိုပါတယ်။ အဲ့ဒီနောက် ရဲတပ်ဖွဲ့ရောက်သွားပြီး၊ လုံခြုံရေးချထားတယ်လို့သိရပါတယ်။
အဲ့ဒီမြေနေရာဟာ အိုးအိမ်ဦးစီးဌာနက အရင်ဆုံးသိမ်းထားဖြစ်ပြီး၊ နောက်တော့ ဝါဝါဝင်းကုမ္ပဏီကို လွှဲပြောင်းပေးထား တာဖြစ်သလို၊ ဝါဝါဝင်းကုမ္ပဏီကတခါ အိမ်ယာစီမံကိန်းအတွက် အခြားကုမ္ပဏီတွေကို ရောင်းချထားတာလ့ို သိရတဲ့ အကြောင်း ကိုကြည်ရွှင်ကပြောပါတယ်။ ကုမ္ပဏီတွေက လုပ်ငန်း အကောင်အထည်မဖေါ်သေးတဲ့အတွက် လွတ်နေ တဲ့မြေနေရာမှာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းက အိမ်ဖျက်ခံရ၊ လယ်သိမ်းခံရလို့ စားဝတ်နေရေး အခက် အခဲဖြစ်နေတဲ့သူတွေ ဝင်ပြီးနေကြသလို၊ အရောင်းအဝယ်တွေပါရှိလာပြီး၊ သက်ဆိုင်ရာက အခုလိုအတင်းအကြပ် ဝင်ရောက် ရှင်းလင်းတာလို့ဆိုပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ လှိုင်သာယာ ပဋိပက္ခဖြေရှင်းရေး ကွန်ရက်အဖွဲ့က ကိုကြည်ရွှင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။