နိုင်ကျဉ်းလွှတ်ဖို့ ဆုတောင်းသူတွေ တရားစွဲခံရ
2016.04.06

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေ နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ပြီးခဲ့တဲ့နှစ်က ဆုတောင်းပွဲ ကျင်းပခဲ့သူ ၆ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ မြို့နယ်တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။
မုံရွာမြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်တာဖြစ်ပြီး လာမယ့် ဧပြီ ၈ ရက်နေ့မှာ တရားရုံးမှာ အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်စာ ပို့ထားတယ်လို့ တရားစွဲခံထားရသူတဦးဖြစ်တဲ့ မုံရွာခရိုင် ဗကသ ကျောင်းသား ကိုဖြိုးဇော်ဦး က ပြောပါတယ်။
"ကျနော်တို့ အိမ်ရှေ့မှာလာပြီး တရားခံပြေးအဖြစ် စာလာကပ်သွားတယ်၊ ကျနော်တို့က မဟုတ်တာလုပ်ထားတာ မဟုတ်ဘူးလေ၊ လွတ်လပ်စွာ တောင်းဆိုပိုင်ခွင့်ရှိတဲ့အတွက် ကျနော်တို့ဆီမှာ အပြစ်မရှိဘူး၊ အခုလာမယ့် ၈ ရက်နေ့မှာ ကျနော်တို့ကို ရုံးတင်မယ်လို့ ပြောထားတယ်ခင်ဗျ၊ မတရားပုဒ်မဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ ရင်ဆိုင်စရာအကြောင်းမရှိပါဘူး၊ တရားစီရင်မှုကို အယုံအကြည်မရှိတဲ့အတွက် ကျနော်တို့မသွားဘူး"
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြတာကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေ နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မုံရွာမြို့က ရွှေစည်းခုံဘုရားမှာ တစ်လကြာ ညစဉ်ဆုတောင်းပွဲ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
အဲဒီဆုတောင်းပွဲမှာ မုံရွာခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ် ဗကသအဖွဲ့ဝင် ကျောင်း သားတွေ၊ ဖမ်းခံထားရသူတွေရဲ့ မိဘတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။