ကျောင်းသားခေါင်းဆောင်တွေ လွှတ်ပေးဖို့ လူ့အခွင့်အရေး အဖွဲ့တွေ တောင်းဆို


2015.11.05
kyawkoko-620.jpg ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုကျော်ကိုကို ကို နိုဝင်ဘာလ ၅ ရက်နေ့က ကမာရွတ်မြို့နယ် တရားရုံးမှာ ရုံးထုတ်စဉ်
Photo: Kyaw Zaw Win

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုကျော်ကိုကိုနဲ့ ဒုတိယ ဥက္ကဌ ကိုလင်းထက်နိုင်ကို မတရားဖမ်းဆီးထားတာဖြစ်တဲ့အတွက် ပြန်လွှတ်ပေးဖို့ Amnesty International ခေါ် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့နဲ့ AHRC ခေါ် အာရှလူ့အခွင့်အရေး ကော်မရှင်က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ AHRC အဖွဲ့က လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက RFA ကို အခုလိုပြောပါတယ်။

"ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုကျော်ကိုကိုရယ်၊ ကိုလင်းထက်နိုင်ရယ် နှစ်ဦးကို ဖမ်းဆီးပြီးတော့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်တဲ့ ပုဒ်မတွေရယ် ဆန္ဒပြတဲ့အစုအဝေးမှာ ပါဝင်ပတ်သက်တဲ့ကိစ္စမှာ လူစုမခွဲတဲ့ကိစ္စရယ် နောက်တစ်ခါ ၅ဝ၅(ခ)အရ နိုင်ငံတော်အကြည်ညိုပျက်အောင် နည်းမျိုးစုံနဲ့ ဖန်တီးတယ်၊ သတင်းတွေလွှင့်တယ်ဆိုတဲ့ကိစ္စတွေနဲ့ ဖမ်းဆီးထားတာဖြစ်တယ်၊ ဒါပေမဲ့ အခုသူတို့ကို စစ်ဆေးမေးမြန်း တဲ့အခါမှာ ဒီအဖွဲ့တွေကို ငွေကြေးဘယ်ကထောက်ပံ့သလဲ၊ ဒီအဖွဲ့တွေ ဆန္ဒပြဖို့အတွက် ဘယ်လိုစီမံဆောင် ရွက်နေသလဲဆိုတာကို အဓိကထား စစ်ဆေးမေးမြန်းနေတယ်ဆိုတာ ကျနော်တို့သိရတယ်၊ အဲဒီတော့ မတရားဖမ်းဆီးစစ်ဆေးတယ်လို့ ကျနော်တို့ကပြောချင်ပါတယ်"

အလားတူ ဗြိတိနိင်ငံအခြေစိုက် Amnesty International ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကလည်း ပညာရေးလွတ်လပ်ခွင့်အတွက် ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုကျော်ကိုကိုနဲ့ ဖမ်းဆီးခံကျောင်းသားတွေကို ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းတောင်းဆိုထားပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌ ကိုကျော်ကိုကို၊ ဒုဥက္ကဌ ကိုလင်းထက်နိုင်နဲ့ အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်တို့ဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလနောက်ပိုင်း စစ်အစိုးရလက်ထက်မှာလဲ နှစ်ရှည်ထောင် ဒဏ်တွေကျခံခဲ့ရပါတယ်။ ကိုလင်းထက်နိုင်နဲ့ မဖြိုးဖြိုးအောင်ဟာ ပြီးခဲ့တဲ့နှစ်က နှစ်ဘက်မိဘတွေရဲ့ သဘောတူမှုနဲ့ ထိမ်းမြားလက်ထပ်ခဲ့ကြသူတွေဖြစ်ပြီး၊ အခုဆိုရင် နှစ်ယောက်လုံးဟာ ဒီမိုကရေစီပညာရေး သပိတ်မှောက် တောင်း ဆိုမှုတွေကြောင့် ကိုလင်းထက်နိုင်က အင်းစိန်ထောင်၊ မဖြိုးဖြိုးအောင်က သာယာဝတီထောင်မှာ အဖမ်းခံထားရ တာဖြစ်ပါတယ်။

ဒီနေ့ရုံးထုတ်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကိုကျော်ကိုကိုရဲ့ ဖခင် ဦးကျော်အေးနဲ့ ကိုလင်းထက်နိုင် ရဲ့ ယောက္ခမ ဒေါက်တာ ဦးနေဝင်း ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထား တာနားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။