မြန်မာအလုပ်သမားနှစ်ဦး နှိပ်စက် ခံရမှု စုံစမ်းဖော်ထုတ်ဖို့ ထိုင်းအစိုးရကို AI တောင်းဆို


2014.10.08
koh-tao-305.jpg ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ စွပ်စွဲခံရတဲ့ မြန်မာနှစ်ဦး ကို တွေ့ရစဉ်
Photo: EPA

ထိုင်းနိုင်ငံ ခိုတောင်းကျွန်းလူသတ်မှု စစ်ဆေးရာ မှာ မြန်မာအလုပ်သမား ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့ က နှိပ်စက်ညှင်းပန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI  က ထိုင်းအစိုးရကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

အဖမ်းခံထားရတဲ့ မြန်မာအလုပ်သမား ၂ ဦးအနေနဲ့ ထိုင်းရဲတပ်ဖွဲ့က ရိုက်နှက်စစ်ဆေးခဲ့တဲ့အတွက် လူသတ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ရတယ်လို့ မနေ့က တွေ့ဆုံခဲ့တဲ့ မြန်မာသံရုံး ကိုယ်စားလှယ် အဖွဲ့က ရှေ့နေရဲ့ပြောဆိုချက်ကို ကိုးကားပြီး AI အဖွဲ့က အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ထိုင်းရဲတွေအနေနဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေ ကို လူမဆန်စွာ ဖိနှိပ်ညဉ်းပန်းတာတွေရှိနေကြောင်း တခြားသတင်းရပ်ကွက်တွေက ထုတ်ဖော်ပြောဆိုကြ တာလည်းရှိကြောင်း၊ ထိုင်းအာဏာပိုင်တွေအနေနဲ့ ထိုင်းရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ လွတ်လပ် ထိရောက်ပြီး ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးရေးတစ်ရပ် စတင်ဖို့လိုအပ်ကြောင်း၊ နိုင်ငံတကာက အထူးအာရုံစိုက် တဲ့ ဒုစရိုက်မှုတစ်ခုကို ဖြေရှင်းရာမှာ တရားမမျှတတဲ့ စီရင်မှုမျိုးအပါအဝင် တခြားသူတွေရဲ့အခွင့်အရေးကို ချိုးဖောက် တာမျိုး မရှိသင့်ကြောင်းလည်း AI အဖွဲ့က တောင်းဆိုထားပါတယ်။    

ထိုင်းရဲတပ်ဖွဲ့ကတော့ ရိုက်နှက်စစ်ဆေးတယ်ဆိုတာကို ငြင်းဆိုထားပြီး ဝန်ခံချက်နဲ့အတူ မျိုးရိုးဗီဇ DNA စစ်ဆေးချက် ပါ အထောက်အထားရှိကြောင်း မနေ့က ပြောဆိုထားပါတယ်။

ထိုင်းနိုင်ငံမှာ ဓနရှင်လူမိုက်ဂိုဏ်းတွေကိုကာကွယ်ဖို့ အပြစ်မဲ့ဆင်းရဲသူတွေ တရားခံဖြစ်နေရတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့ကို ယုံကြည်မှုပျက်နေပြီဆိုတဲ့အကြောင်း ခိုတောင်းကျွန်းက လူသတ်မှုကို အခြေခံပြီး ဘန်ကောက်ပို့စ်သတင်းစာမှာ ဒီနေ့ဖေါ်ပြထားတဲ့ဆောင်းပါးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား လူငယ်နှစ်ဦးဟာ ဥပဒေကြောင်းအရ အပြည့်အဝအကာအကွယ်ရဖို့နဲ့ မှန်ကန်စွာဖြေရှင်းနိုင်တဲ့ အခွင့်အရေးတွေရဖို့လိုမယ်လို့ ထောက်ပြနေကြပါတယ်။ ဒီလိုထောက်ပြချက်တွေကို မသင်းသီရိက စုစည်းတင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။