ပအိုဝ်းဒေသမှာ တစ်လအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၆ ဦးသေဆုံး

RFA Burmese
2024.02.21
ပအိုဝ်းဒေသမှာ တစ်လအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၆ ဦးသေဆုံး လက်နက်ကြီးထိမှန် ပျက်စီးခဲ့သည့် ဆီဆိုင်မြို့မှ နေအိမ်တချို့အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တွေ့ရစဉ်။
PNLA

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ ဇန်နဝါရီလ ၂၂ ရက်ကစဖြစ်တဲ့ နှစ်ဖက်တစ်လတာတိုက်ပွဲအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၆ ဦး သေဆုံးခဲ့ပါတယ်။

(NCA) လက်မှတ်ထိုးထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ် အပါအဝင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်နေတာပါ။

RFA က ပြုစုထားတဲ့ စာရင်းအရ သေဆုံးသူတွေထဲမှာ အသက်ခြောက်လအရွယ် ကလေးငယ် တစ်ဦး၊ အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား ၁၄ ဦး ပါဝင်ပြီး ဒဏ်ရာရသူကတော့ စုစုပေါင်း ၁၆ ဦးရှိခဲ့ပါတယ်။

ဆီဆိုင်မြို့မှာ တိုက်ပွဲစဖြစ်တဲ့ ဇန်နဝါရီလ ၂၂ ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးဒုက္ခသည် အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား တစ်ဦး သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၅ ရက်က လက်နက်ကြီးကြောင့် အမျိုးသား တစ်ဦးသေဆုံးခဲ့သလို စစ်ဘေးရှောင်လာတဲ့ အမျိုးသား တစ်ဦးလည်း စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးရင်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်မှာတော့ ဟိုပုံးမြို့နယ် ပဆျားကလိုရွာမှာ ဒရုန်းနဲ့ဗုံးအကြဲခံရတာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဆီဆိုင်မြို့နယ် ထမ်းယံရွာက ခြောက်လအရွယ် ကလေးငယ်တစ်ဦးနဲ့ ထီးတမ်းရွာက အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ခုနစ်ဦးဒဏ်ရာရခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက်မှာတော့ နေရပ်ပြန်ပြီး စားစရာပြန်ယူတဲ့ ဒေသခံတွေရဲ့ ယာဉ်တန်းကို ဝါတောရွာ အရောက်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲခဲ့လို့ အမျိုးသား ခုနစ်ဦးသေဆုံးခဲ့ပြီး ခြောက်ဦးဒဏ်ရာရခဲ့တာပါ။

ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရသူကတော့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးလေကြောင်းနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သားသေဆုံးမှု ပိုများလာတာလို့ ပြောပါတယ်။

ပအိုဝ်းဒေသအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားတွေ သေဆုံးရတယ်ဆိုတဲ့အပေါ် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဇန်နဝါရီ ၂၁ ရက်က ဟိုပုံးမြို့နယ်၊ နောင်စံဖူးရွာမှာ (PNLA) ရဲ့ကားတွေကို လက်နက်သယ်တယ်ဆိုပြီး ပအိုဝ်း ပြည်သူ့စစ်တပ်ဖွဲ့ (PNA) က စစ်ဆေးရာကနေ တိုက်ပွဲစဖြစ်ခဲ့တာပါ။

ဇန်နဝါရီ ၂၂ ရက်မှာတော့ စစ်ကောင်စီတပ်က ဆီဆိုင်မြို့နေရာအချို့ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို (PNLA) တပ်ဖွဲ့ကလည်း မြို့တွင်းနဲ့ စစ်ကောင်စီတပ်စခန်းအချို့ကို ထိန်းချုပ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့က ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် ဒီနေ့အထိ တိုက်ပွဲတွေဆက်ဖြစ်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။