စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီ လေကြောင်းအသုံးပြု တိုက်ခိုက်နေ

2021.10.30
စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီ လေကြောင်းအသုံးပြု တိုက်ခိုက်နေ စစ်ကိုင်းတိုင်းသို့ အလောင်းမင်းတရားစစ်ဆင်ရေးအတွက် ရဟတ်ယဉ်များဖြင့် စစ်အင်အားများဖြည့်တင်းနေစဉ်
Photo: သလ္လာရွှေမြေ

စစ်ကိုင်းတိုင်း ကျွန်းလှနဲ့ တန့်ဆည်မြို့နယ်ထဲမှာ ဒေသခံ ခုခံကာကွယ်ရေးတပ် PDF တွေ ရှိနေနိုင်တယ်လို့ ယူဆတဲ့ နေရာတွေကို စစ်ကောင်စီဘက်က တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

လေကြောင်းကနေတစ်ဆင့် စစ်အင်အား၊ လက်နက်အင်အား ဖြည့်တင်းနေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့က ကျွန်းလှမြို့နယ် ကျွဲတဲရွာနဲ့ တန့်ဆန်မြို့နယ်ထဲက နေရာတချို့ကို စစ်ရဟတ်ယာဉ် ခြောက်စီးနဲ့ ဗုံးကျဲတိုက်ခိုက်ခံခဲ့တာ မြင်တွေ့ခဲ့ရကြောင်းဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ရဟတ်ယာဉ် ခြောက်စီးက ကာပေါင်းကျ ဝေဟင်ကနေ ကျော်ပြီးတော့ ဟိုဘက်က ကျွန်းလှမြို့နယ် ကျွဲတဲရွာဘက်မှာ သူတို့က PDF စခန်းရှိတယ်လို့ ယူဆပြီးတော့ ဗုံးကျဲတာပေါ့နော်။ ဗုံးကျဲ စက်သေနတ်နဲ့ ပစ်တာ စုစုပေါင်း အလုံး ၃၃ ချက်ရှိတယ်။ ပြီးတော့ သူတို့က အဲဒီကို မရောက်ခင် ဒီဘက် တန့်ဆည် မြို့နယ် စည်သာရွာနားမှာ လေးချက်လောက် ပစ်သွားသေးတယ်”

အဲဒီ စစ်ရဟတ်ယာဉ် ခြောက်စီးကနေ ကျွဲတဲရွာအနီးမှာ စစ်ကောင်စီတပ်အား အင်အား တစ်ရာလောက်ကို ချပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ သူတို့တွေဟာ ကျွန်းလှမြို့နယ် ကျွဲတဲရွာ၊ ခဝါသည်ရွာ စတဲ့ရွာတွေကို ရွာပြင်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့ အပြင် ရွာထဲကိုလည်း သေနတ်တွေနဲ့ လိုက်လံ ပစ်ခတ်လို့ ထွက်ပြေးနေရတယ်လို့ ရွာသားတွေက ပြောပါတယ်။

အဲဒီလို လိုက်ခံပစ်ခတ်မှုတွေကြောင့် ကျွဲတဲရွာက အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး မနေ့က သေနတ် ကျည်ဆံထိမှန်ခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ကျွဲတဲဒေသခံတစ်ဦးက ပြောပါတယ်။

တန့်ဆည်မြို့နယ် ထဲမှာဆိုရင်လည်း စစ်တပ်က တပ်စွဲထားတဲ့ ကာပေါင်းကျရွာကို စစ်ရဟတ်ယာဉ် နှစ်စီးနဲ့ လက်နက်အင်အား၊ လူအင်အားလာရောက် ဖြည့်တင်းတာတွေရှိတယ်လို့ တန့်ဆည် ဒေသခံတစ်ဦးက ပြောပါတယ်။

“နမခပေါ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ဘက်ကနေ ရဟတ်ယာဉ် နှစ်စီး ကာပေါင်းကျကို လာပြီး တော့ လက်နက်ကြီးနဲ့တကွ ရိက္ခာတွေ အင်အားလည်း ပါချင်ပါမယ် လာပြီးတော့ ချသွားတယ်လို့ အဲဒီတုန်းက သိရတယ်။ အခု လောလောဆယ်မှာတော့ တိုက်ခိုက်တဲ့အတွက်ကြောင့် လက်နက်ကြီးတွေနဲ့ ပစ်တယ်ခင်ဗျ ကာပေါင်းကျမှာလေ။ ၂၂ ရက်နေ့က အဲဒီမှာ ရဟတ်ယာဉ် နှစ်စီးလာပြီးတော့မှ လက်နက် ကြီးတွေချတော့ သူတို့ညဘက်မှာ လက်နက်ကြီး ရှစ်လုံးလောက် ပစ်တယ်။ ဒါပေမဲ့ အဲဒါ စစ်ရှောင် ပြည်သူတွေတော့ မထိခဲ့ဘူး ချောင်းထဲကို ကျသွားတယ်လို့ပြောတယ်”

ကာပေါင်းကျရွာဟာ စစ်တပ်က ၉ ကြိမ်ထက်မနည်း ဝင်ရောက်စီးနင်းခံရတာကြောင့် ဒေသခံရွာသားတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတဲ့ရွာ ဖြစ်ပါတယ်။ အခုလည်း အဲဒီမှာ တပ်စွဲထားတဲ့ စစ်သားတွေက ရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီး နေတယ်လို့ဆိုပါတယ်။

"အဲဒီမှာ ရဟတ်ယာဉ် နှစ်စီးလာပြီးတော့မှ လက်နက် ကြီးတွေချတော့ သူတို့ညဘက်မှာ လက်နက်ကြီး ရှစ်လုံးလောက် ပစ်တယ်။"

စစ်ကိုင်းဘက်မှာ စစ်ကောင်စီက စစ်ရဟတ်ယာဉ်တွေ သုံးပြီး တိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဒီကနေ့ ဖုန်းဆက်ခဲ့ပေမယ့် လတ်တလော အဆက် အသွယ် မရသေးပါဘူး။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာလည်း စစ်ရဟတ်ယာဉ်တွေ ဖြတ်ပျံနေတာ တွေ့နေရတယ်လို့ ခင်ဦး ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

“လေကြောင်းပစ်ခတ်မှုက သိရသလောက်တော့ တန့်ဆည်ရယ် ကျွန်းလှမှာရယ်။ ကျနော်တို့ ဒီဘက် ကတော့ ခင်ဦးဘက်ကနေပြီးတော့ ဖြတ်ပြီး ပျံသန်းသွားတာပဲ အဲဒီလိုမျိုးရှိတာပေါ့။ တန့်ဆည်ကို ကာပေါင်းကျ အနီးမှာလည်း လေကြောင်း ပစ်ခတ်မှုရှိတယ်။ တန့်ဆည်ကတော့ ရှိတယ်ဗျ ဟုတ်ကဲ့”

အဲဒီဒေသတွေမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် စစ်ကောင်စီဘက်က လေကြောင်း ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ဒေသခံတွေရဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့ RFA က သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ချင်းပြည်နယ် မြောက်ပိုင်း ထန်တလန်မြို့နယ်တွင်းရှိ လုံလဲရ်ရွာက စစ်ကောင်စီ တပ်စခန်းကို ချင်းအမျိုးသား တပ်ဦး (CNF)၊ ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ (CDF) အဖွဲ့တွေ ပြီးခဲ့တဲ့လထဲမှာ ဝင်ရောက် တိုက်ခိုက်တုန်း ကလည်း စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိပါတယ်။

alaung mintayar mission
(စစ်ကိုင်းတိုင်းသို့ အလောင်းမင်းတရားစစ်ဆင်ရေးအတွက် ရဟတ်ယဉ်များဖြင့် စစ်အင်အားများဖြည့်တင်းနေစဉ်) Photo: သလ္လာရွှေမြေ

စစ်ကောင်စီဘက်က မြေပြင်ကနေ အင်အားဖြည့်ဖို့သွားတဲ့ စစ်ယာဉ်တန်းတွေကို ဒေသခံ PDF အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တဲ့ ဖြစ်ရပ်တွေ များလာတာကြောင့် လေကြောင်းကိုသုံးပြီး လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းလာတာလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

အခုရက်ပိုင်းတွေအတွင်း ရဟတ်ယာဉ်တွေပေါ်မှာ စစ်သားတွေ အပြည့်တင်ဆောင်ပြီး စစ်ကိုင်းတိုင်းထဲက ထီးချိုင့်၊ ကျွန်းလှ၊ တန့်ဆည်၊ ကောလင်းနဲ့ ပင်လည်ဘူးမြို့နယ်တွေဘက်ကို လူအင်အား ဖြည့်တင်း နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းဟာ စစ်အာဏာသိမ်းမှုတွေကို ဆန့်ကျင်ကြောင်း လူအင်အားအများအပြား လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

စစ်တပ်က ဆန္ဒပြပြည်သူတွေကို အင်အားသုံး ဖြိုခွင်းတာ၊ ပစ်ခတ်နှိမ်နင်းတာတွေ ပြုလုပ်ပြီးတဲ့နောက် ဒေသခံတွေဟာ ရရာလက်နက်ကို စွဲကိုင်ပြီး စစ်ကောင်စီကို ခုခံတိုက်ခိုက်မှု အပြင်းထန်ဆုံး လုပ်လာတဲ့ ဒေသလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။