ဖယ်ခုံမှာ လေကြောင်းက ဗုံးကြဲလို့ အမျိုးသမီး တစ်ဦး သေဆုံး၊ ကိုးဦး ဒဏ်ရာရ
2024.09.22

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ခြမ်း လတိန်ရွာကို စက်တင်ဘာလ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် ကိုးဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြောပါတယ်။
သေဆုံးသူဟာ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာတော့ အသက် ၁၈ နှစ်အောက် ကလေး ငါးဦးနဲ့ အမျိုးသမီး လေးဦး ပါဝင်ပါတယ်။
တိုက်ပွဲတွေမရှိဘဲ စစ်ဘေးဒုက္ခသည်တွေနေတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်ခံရတာလို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။
"မနေ့က ၃ နာရီကျော်လောက်မှာ စစ်ကောင်စီက တိုက်လေယာဥ်နဲ့ ဗုံးလာကြဲသွားတယ်။ အဲဒီဘက်မှာ တိုက်ပွဲမရှိဘူး။ စစ်ဘေးရှောင်တွေပဲ ရှိတယ်။ လောလောဆယ် သိရတာကတော့ အမျိုးသမီး တစ်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရထားတယ်။ ဒါက လောလောဆယ် အတည်ပြုလို့ရထားတာပေါ့နော်။ နောက်ထပ်လည်း ဒဏ်ရာရထားသူတွေထဲ ဒဏ်ရာပြင်းထန်တာတွေ ပါတယ်"
ဒဏ်ရာရသူတွေထဲမှာ အသက်အန္တရာယ် စိုးရိမ်ရသူတွေလည်း ရှိနေတယ်လို့ သူကပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်က ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် ၁၁ ဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
စက်တင်ဘလာ ၂၂ ရက်နေ့မှာလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ချေဆေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး နှစ်ဦး သေဆုံးပြီး ကိုယ်ဝန်ဆောင်တစ်ဦး အပါအဝင် နောက်ထပ် အမျိုးသမီး သုံးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။