တစ်လအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၂၈ ဦးသေဆုံး
2023.08.29

သြဂုတ်လအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၂၈ ဦးသေဆုံးပြီး ၁၀၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
RFA က သြဂုတ်လ ၁ ရက်ကနေ ဒီနေ့ ၃၀ ရက်နေ့အထိ ပြုစုထားတဲ့စာရင်းတွေအရ လေကြာင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေဟာ လက်နက်ကိုင်ခုခံမှုတွေရှိနေတဲ့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ ဖြစ်ပေါ်ခဲ့တာပါ။
အရပ်သားထိခိုက်သေဆုံးမှုအများဆုံးက စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေဖြစ်နေတဲ့ ပဲခူးတိုင်း ဖြစ်ပါတယ်။ သြဂုတ်လတစ်လအတွင်း ရွှေကျင်၊ ကျောက်ကြီး၊ မုန်း၊ ညောင်လေးပင်နဲ့ ကျောက်တံခါးမြို့နယ်တွေမှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး ၃၀ ဒဏ်ရာရရှိခဲ့ပါတယ်။
ဒုတိယအများဆုံးက စစ်ကိုင်းတိုင်းဖြစ်ပြီး အရပ်သား ၁၀ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
စစ်ကောင်စီတပ်ဟာ နိုင်ငံတစ်ဝန်း စစ်မျက်နှာ အမြောက်အမြားဖွင့်ထားရတာကြောင့် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အဓိက အားကိုးလာရတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ထားပါတယ်။
RFA က ပြုစုထားတဲ့စာရင်းတွေအရ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ သြဂုတ်လ ၃၀ ရက်အထိ ရှစ်လအတွင်း အရပ်သား ၄၇၁ ဦး သေဆုံးပြီး ၈၀၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။