ဒီးမော့ဆိုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်လေးဦး သေဆုံးပြီး ဆယ်ဦးကျော် ဒဏ်ရာရ
2024.02.05

[Update: 10:20 PM, Feb 05 2024]
ကယားပြည်နယ် (ကရင်နီပြည်)၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း၊ ဒေါဆီအီရွာက စာသင်ကျောင်းတစ်ကျောင်းကို ဖေဖော်ဝါရီ ၅ ရက် ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့ တာကြောင့် ကလေးငယ် လေးဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
သေဆုံးသွားသူတွေဟာ အသက် ဆယ်နှစ်ကနေ ၁၃ နှစ်ကြား ကလေးငယ်တွေဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“သေဆုံးသွားတဲ့ ကလေးငယ်တွေရဲ့ နာမည်ကိုတော့ ကျွန်တော်တို့ အတိအကျ ဖော်ပြလို့ မရသေးပါဘူးခင်ဗျ။ ဒါပေမဲ့ သေဆုံးသွားတဲ့ ကလေးငယ်တွေရဲ့ အသက်အရွယ်က ဆယ်နှစ်ကနေ ၁၃ နှစ်ကြားဖြစ်တယ်”
ဒဏ်ရာရသူတွေကလည်း ကလေးသူငယ်တွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကလေးငယ်တွေ စာသင်ကြားနေချိန် အဲဒီစာသင်ကျောင်းကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ငါးရာဗုံးတစ်လုံး ကြဲချခဲ့တာကြောင့် စာသင်ကျောင်းပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။
ဒီးမော့ဆိုမြို့နယ်ကို ဖေဖော်ဝါရီ ၅ ရက်နေ့ မနက်က လေကြောင်းသုံးတိုက်ခိုက်ခဲ့တာမရှိကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာတော့ ဖေဖော်ဝါရီ ၅ ရက်နေ့ညမှာ ထုတ်ပြန်ပြောဆိုထားပါတယ်။
တပ်မတော်က လေကြောင်းသုံး၊ တိုက်ခိုက်လို့ ကလေးငယ်တချို့ သေဆုံးဒဏ်ရာရတယ်ဆိုတာဟာ သတင်းတု၊ သတင်းအမှားသာဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၄၂၉ ဦးသေဆုံးပြီး ၂၆၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
(မှတ်ချက်။ စစ်ကောင်စီ၏ ဖေဖော်ဝါရီ ၅ ရက်နေ့ညပိုင်း ထုတ်ပြန်ချက်ကို ဖြည့်စွက်ရေးသားထားပါသည်။)