ထီးလင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး သုံးဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရ
2023.04.21

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ လောင်းဘိုလေးရွာရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့အုပ်ချုပ်ရေးရုံးနဲ့ အဆောက်အအုံကို ဧပြီလ ၂၀ ရက် မနေ့က နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သုံးဦး သေဆုံးပြီး၊ ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးကြဲခံရတာကြောင့် (NUG) ပြည်သူ့ အုပ်ချုပ်ရေးရုံး တစ်ခုလုံး ပျက်စီးသွားပြီး လူသေဆုံး ထိခိုက်ခဲ့တာ မှန်ကန်ကြောင်း အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ နေ့လယ်ပိုင်းက အတည်ပြု ပြောဆိုပါတယ်။
"ပအဖ ရုံးကို ဗုံးကြဲခံလိုက်ရတာလေ။ ရဲဘော်လေးတွေ (PDF) သုံးယောက်ကတော့ နေရာတင်ပဲ ဆုံးပါးသွားတယ်။ ဒဏ်ရာရတဲ့သူက ၁၂ ယောက်လောက်ရှိတယ်"
သေဆုံးသူတွေဟာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးဖြစ်တယ်၊ ဒဏ်ရာရသူ ၁၂ ဦးမှာ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူ တာဝန်ခံအပါအဝင် အမျိုးသမီး ရှစ်ဦးနဲ့ အမျိုးသား လေးဦးဖြစ်တယ်လို့ ထီးလင်းအခြေစိုက် ယောတော်လှန်ရေးတပ်ဖွဲ့ (YRA) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါကြောင့် မနေ့က သေဆုံး၊ ဒဏ်ရာရသူတွေထဲမှာ စုစုပေါင်း အမျိုးသမီး ကိုးဦး ပါဝင်ပါတယ်။
မနေ့က နေ့လယ် ၁၂ နာရီ ၂၀ မိနစ်ခန့်မှာ ထီးလင်းမြို့နယ် လောင်းဘိုလေးရွာပေါ် ဂျက်တိုက်ခိုက်ရေး လေယာဉ်တစ်စီး ပျံတက်လာပြီး ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ (YRA) တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလေယာဉ်ဟာ နေပြည်တော် စစ်ဌာနချုပ်ကနေ ပျံတက်လာတာလို့ တချို့က ပြောဆိုပြီး၊ တချို့ကတော့ မန္တလေးတိုင်း တံတားဦးလေတပ်ကနေ ပျံတက်လာတာလို့ ပြောပါတယ်။
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
(YRA) တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကတော့ လောင်းဘိုလေးရွာမှာ (NUG) ပြည်သူ့အုပ်ချုပ်ရေးရုံး ရှိနေတာကို စစ်ကောင်စီတပ်က သတင်းအတိအကျရသွားပြီး အခုလို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံမှု မြင့်တက်လာတဲ့ မကွေးတိုင်းက ထီးလင်းနဲ့ ဂန့်ဂေါမြို့နယ်တွေဟာ လက်ရှိမှာ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရပါတယ်။
လေကြောင်းတိုက်ခိုက်ပြီးနောက် ထီးလင်းမြို့ ရွှေထီးခန်းမမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်နဲ့ ပျူစောထီးအဖွဲ့ဝင် အင်အား ၁၀၀ ခန့်က မြေပြင်ကနေလည်း ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပဇင်းချောင်၊ အိုင်းမ၊ ဝါးဘိုးချောင်းနဲ့ လောင်းဘိုလေးရွာ အပါအဝင် ရွာပေါင်း ၁၃ ရွာက ဒေသခံ ရာနဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ထီးလင်းမြို့နယ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ဧပြီလ ၁၈ ရက်နေ့ကလည်း မကွေးတိုင်း၊ မြိုင်မြို့နယ် မကြီးကန်ရွာက ကျေးရွာဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံတစ်ရုံးလုံး ထိခိုက်ပျက်စီးပြီး လူ ၃၀ ခန့် ဖမ်းဆီးခံထားရပါတယ်။