ကော့ကရိတ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူပြီး လေးဦးဒဏ်ရာရ

RFA Burmese
2024.04.19
ကော့ကရိတ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူပြီး လေးဦးဒဏ်ရာရ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြို့ဟောင်းရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့သည့် ဘုန်းကြီးကျောင်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြို့ဟောင်းရွာမှာ ဧပြီလ ၁၈ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူပြီး လူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သက်တော် ၈၇ နှစ်၊ ဝါတော် ၆၇ ဝါရှိ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ မဟာထေရ် ပျံလွန်တော်မူပြီး ကပ္ပိယအပါအဝင် ရွာသားလေးဦး ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေဟာ ဒဏ်ရာပြင်းထန်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနက် ၁၁ နာရီလောက်မှာဖြစ်တာပေါ့။ ဆရာတော်ကတော့ ပျံလွန်တော်မူသွားပါတယ်။ လေးယောက်ကတော့ ဒဏ်ရာပြင်းထန်တာပေါ့"

လေကြောင်းက ဗုံးကြဲရာမှာ ဘုန်းကြီးကျောင်းပေါ် တည့်တည့်ကျလို့ ကျောင်းဆောင်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မြဝတီမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တို့ ကော့ကရိတ်မြို့နယ်ထဲက ချောင်းဖျား၊ မြပတိုင်၊ ကော့နွဲ့ စတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ လေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကော့ကရိတ်မြို့နယ်ထဲက ရွာတွေထဲကျရောက်ပြီး အရပ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ကျားဖြူစစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။