ကြာအင်းဆိပ်ကြီးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦး ဒဏ်ရာရ

RFA Burmese
2024.04.24
ကြာအင်းဆိပ်ကြီးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦး ဒဏ်ရာရ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့သည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် နှစ်အိမ်ရွာမှ စာသင်ကျောင်းဆောင်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က ရွာနှစ်ရွာမှာ ဧပြီလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံသုံးဦး ဒဏ်ရာရပြီး စာသင်ကျောင်းအပါအဝင် အဆောက်အအုံတချို့လည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် နှစ်အိမ်ရွာက ကိုယ်ထူကိုယ်ထစာသင်ကျောင်း အဆောင်သုံးခု ပျက်စီးပြီး ရွာက ဒေသခံသုံးဦး ဒဏ်ရာရခဲ့သလို ဖားပြရွာက ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ မြို့နယ်ရုံးတို့ ထိခိုက်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ နှစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဘာတိုက်ပွဲမှ ဖြစ်တာမရှိဘဲ လာပစ်သွားတာ။ မနက်စောပိုင်း နှစ်အိမ်ဘက်ကို သွားပစ်တယ်။ နေ့လယ်လောက်ကျ ဖားပြဘက်ကို ပြန်လာပစ်တာ။ တိုက်ပွဲကတော့ လောလောဆယ် ငြိမ်တယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ စကစတော့ ဒီဘက်တွေကို ကင်းထောက်လေယာဉ်နဲ့ တောက်လျှောက် ကင်းထောက်နေတာတော့ရှိတယ်”

ထိခိုက်ဒဏ်ရာသူတွေကတော့ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိဘူးလို့ သူကဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ထပ်မံတိုက်ခိုက်လာမှာ စိုးရိမ်တာကြောင့် အဲဒီရွာနှစ်ရွာက ဒေသခံတွေ ဘေးလွတ်ရာကို ယာယီတိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဧပြီလ ၂၀ ရက်နဲ့ ၂၂ ရက်နေ့ကလည်း KNU တပ်မဟာ (၁) နယ်မြေနဲ့ တပ်မဟာ (၃) နယ်မြေတို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦး သေဆုံးခဲ့ပြီး လသားအရွယ် ကလေးအပါအဝင် ဆယ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။