အင်းတော်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး နေအိမ်တချို့ပျက်စီး

RFA Burmese
2023.05.27
အင်းတော်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး နေအိမ်တချို့ပျက်စီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့သည့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ကျွန်းတောရွာကို ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Screenshot: Nothern ABSDF Video

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ကျွန်းတောရွာကို မေလ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ နှစ်ကြိမ်တိုက်ခိုက်တာကြောင့် တစ်ဦးသေဆုံးပြီး နေအိမ်နဲ့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် (၉၃) နှစ်အရွယ် ဒေါ်မိသိန်းဖြစ်ပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ် ငါးလုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကျွန်းတောရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာကြောင့် လေကြောင်းနဲ့ လာပစ်ကူတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“တိုက်ပွဲဖြစ်တော့ သူတို့က နည်းနည်းအထိနာတော့ လေကြောင်းနဲ့ လာကြဲတာ။ တိုက်ပွဲက အဲဒီရွာအနီးမှာဖြစ်တာ။ မနက် ၁၀ နာရီလောက်က တစ်ကြိမ် ရွာနားကိုကြဲတာ။ နေ့လယ် ၃ နာရီလောက်မှာတော့ နောက်တစ်ကြိမ် ရွာထဲကိုလာကြဲတာ”

တိုက်ပွဲအပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေသုံးရာကျော်ရှိတဲ့ ကျွန်းတောရွာက ဒေသခံတစ်ထောင်ကျော်ကတော့ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် အနီးပတ်ဝန်းကျင်မှာရှိတဲ့ ရွာဆယ်ရွာလောက်က ဒေသခံ တစ်သောင်းကျော်ကတော့ မေလ ၂၂ ရက်နေ့ကတည်းက အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

PDF အဖွဲ့တစ်ခုဖြစ်တဲ့ Indaw Revolution-Ir ရဲ့ ပြန်ကြားရေးတာဝန်ခံကတော့ တိုက်ပွဲဖြစ်နေတဲ့ ဗန်းမောက်ဘက် စစ်ကူသွားမယ့်အဖွဲ့ကို PDF တွေနဲ့ ကျောင်းသား တပ်မတော် (ABSDF) တို့က အင်းတော်မြို့နယ် မော်တိတ်နဲ့ ရွာသာယာရွာနားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် မေလ ၂၂ ရက်နေ့ကစပြီး တိုက်ပွဲတွေဖြစ်နေတာလို့ RFA ကို မေလ ၂၅ ရက်နေ့က ဖြေဆိုထားပါတယ်။

မေလ ၂၃ ရက်နေ့ကလည်း စစ်ကောင်စီဘက်က လေယာဉ်သုံးစင်းနဲ့လာပစ်တာကြောင့် အင်းတော်မြို့နယ်၊ ရွာသာရွာက ဘုန်းကြီးကျောင်းပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။