မင်းကင်းမှာ မင်္ဂလာပွဲ ဗုံးကြဲခံရပြီး လူနှစ်ဆယ်ကျော်သေဆုံး

RFA Burmese
2024.06.03
မင်းကင်းမှာ မင်္ဂလာပွဲ ဗုံးကြဲခံရပြီး လူနှစ်ဆယ်ကျော်သေဆုံး စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့အဝင်တစ်နေရာအား ၂၀၂၀ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့က တွေ့ရစဥ်။
Facebook/ မင်းကင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့

[Update: 10:20 PM, June 03, 2024]

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မတောရွာမှာ မင်္ဂလာဆောင်ပွဲတစ်ပွဲ ကျင်းပနေတဲ့အချိန် စစ်ကောင်စီက လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မင်္ဂလာပွဲတက်လာတဲ့သူ ၂၄ ဦးသေဆုံးပြီး အယောက် ၃ဝ လောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

“စစ်ရေးလှုပ်ရှားမှု လုံးဝမဟုတ်ဘဲ အရပ်သူအရပ်သားတွေ မင်္ဂလာဆောင်ပွဲကို သိသိကြီးနဲ့ ဗုံးကြဲလုပ်ဆောင်တာဖြစ်တယ်။ စစ်ရေးဗျူဟာကျင့်သုံးပြီး အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဖြစ်တဲ့အတွက် ပြင်းထန်စွာရှုတ်ချပါတယ်။”

ဇွန်လ ၃ ရက် မနေ့မနက်အစောပိုင်း ရှစ်နာရီကျော်လောက်မှာ စစ်ကောင်စီလေကြောင်းဟာ မင်္ဂလာဆောင်ပွဲကျင်းပတဲ့နေရာ တည့်တည့်ကို ဗုံးကြဲခဲ့တာကြောင့် ပွဲတက်လာပြီး ထမင်းစားနေကြတဲ့ ကလေးငယ်တွေ အပါအဝင် ၂၄ ဦး နေရာမှာတင် ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်၊ ပွဲချင်းပြီးသေဆုံးသွားကြတာလို့ မျက်မြင်တွေ့တဲ့ ဒေသခံ ဦးဌေးက ပြောပါတယ်။

“၈ နာရီ ၁၅ မိနစ်မှာ ဗုံးချသွားတာ မင်္ဂလာဆောင်အခမ်းအနား တည့်တည့်ကို ချသွားတယ်။ အသေအပျောက်ကတော့ အများကြီးပဲ။ ပြည်သူတွေပဲ သေတာဗျ။ သေဆုံးက လောလောဆယ် နှစ်ဆယ်ကျော်သွားပြီဗျ။ အလောင်းတွေက အကုန်ပြတ်ထွက်ကုန်တယ်။ ကျေးလက်‌ဒေသအခြေအနေအရ ချက်ပြုတ်ကျွေးမွေးတဲ့နေရာ၊ ကျွေးမွေးဧည့်ခံတဲ့နေရာ၊ နောက်တစ်ခါ မင်္ဂလာလက်ဖွဲ့လှူဒါန်းပေးကမ်းတဲ့နေရာလေးတွေခွဲထားတာ အစုံနားလေးမှာ ဗုံးသီးက ချလိုက်တာဆိုတော့လေ။ အဲ့ဒီမှာရှိတဲ့သူအားလုံးက ထိသွားတာပဲ”

မင်္ဂလာပွဲသိမ်းခါနီးလေးမှာ စစ်ကောင်စီ လေယာဉ် ဂျက်ဖိုက်တာတစ်စီး ရောက်လာပြီး အင်အားပြင်း ဗုံးတစ်လုံး ကြဲချသွားတာလို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေဟာလည်း ဒဏ်ရာပြင်းထန်တာကြောင့် နောက်ထပ်သေဆုံးသူတွေ ထပ်တိုးလာနိုင်တယ်လို့လည်း သူကပြောပါတယ်။

မင်္ဂလာဆောင် သတို့သားနဲ့ သတို့သမီးကတော့ ဗုံးကြဲခံရတဲ့အချိန် ရွာဘုန်းကြီးကျောင်းဘက် ဆွမ်းကပ်ဖို့ရောက်နေတာကြောင့် ထိခိုက်ဒဏ်ရာရတာမရှိကြဘူးလို့ သိရပါတယ်။

မင်္ဂလာဆောင်ပွဲသွားခဲ့တဲ့ နောက်ထပ်ဒေသခံ ကိုမျိုးကတော့ သူ့ရဲ့ အမျိုးသမီးနဲ့ သမီးဖြစ်သူ ဒဏ်ရာရသွားပြီး သူမြင်တွေ့ခဲ့တဲ့ အခြေအနေကို ပြန်ပြောပြပါတယ်။

“တချို့က အိမ်ထောင်စုမှာ ကလေးလောက်ပဲ ကျန်တော့တယ်။ မအေအပါအဝင် သေတာသုံးဦးရှိတယ်။ အသားဖတ်တွေနဲ့ ရှာမတွေ့တာက နှစ်ယောက်လောက်ရှိတယ်။ ဘယ်သူ့ဟာလိုလို ဘယ်ဝါ့ဟာလိုလို သူတို့ဘာသာသူတို့ရှာကြရင်း ဘယ်သူ့ရုပ်အလောင်းလည်းဆိုတာ မသိဘူးဗျ။ နှစ်ယောက်လောက်က မပီမပြင်ဖြစ်နေတာဆိုတော့ ရှာမတွေ့တာ ဖြစ်နေတာ"

အင်အားပြင်းဗုံးကြောင့် အလောင်းတွေဟာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာကြောင့် အသေးစိတ်ကို သိရဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ လတ်တလော အဲဒီဒေသမှာ အင်တာနက်လိုင်းရော၊ ဖုန်းလိုင်းပါ ပြတ်တောက်နေတာကြောင့် အခင်းဖြစ်တဲ့နေရာက ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေ ရနိုင်ဖို့လည်း ခက်ခဲနေပါတယ်။

ဒီမင်္ဂလာဆောင်ဟာ မင်းကင်း PDF ခေါင်းဆောင် မင်္ဂလာဆောင်ဖြစ်တာကြောင့် စစ်ကောင်စီဘက်က ပေါင် ၅ဝဝ ဗုံးကြဲချခဲ့တာလို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာ ပြောဆိုကြပါတယ်။ ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဟာ လေကြောင်းနဲ့ ဗုံးကြဲပြီးနောက် မင်းကင်း ဘိုးဘွားရိပ်သာတောင်ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် မတောရွာအပါအဝင် အနီးအနား ရွာခြောက်ရွာက ဒေသခံနှစ်ထောင်ကျော် နီးစပ်ရာ တောတောင်တွေထဲ ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မင်္ဂလာပွဲကို ဗုံးကြဲချခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရနိုင်ဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းဆီ မနေ့ ညနေပိုင်းမှာ RFA က အကြိမ်ကြိမ် ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ဒါဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုပါတယ်။

"ဒါဟာ စစ်ရေးလှုပ်ရှားမှုလုံးဝ မဟုတ်ဘဲ အရပ်သူ အရပ်သားတွေ မင်္ဂလာဆောင်ပွဲကို သိသိကြီးနဲ့ ဗုံးကြဲလုပ်ဆောင်တာဖြစ်တယ်။ စစ်ရေးဗျူဟာ ကျင့်သုံးပြီး အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဖြစ်တဲ့အတွက် ပြင်းထန်စွာရှုတ်ချပါတယ်။ ဒါမျိုးတွေ ပိုဆိုးလာနေတာဟာ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေ ဆက်ဖြစ်နေတယ်ဆိုတာကို ဖော်ညွှန်းနေပါတယ်၊ ဘယ်သူပဲ မင်္ဂလာဆောင်ဆောင် အရပ်သားပြည်သူတွေစုဝေးနေတာကို စစ်ရေးအရ ရည်ရွယ်ချက်ထားပြီး လုပ်တာဟာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တာကြောင့် တာဝန်ရှိသူကို ဖော်ထုတ်နိုင်ဖို့ အရေးကြီးပါတယ်"

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ သေဆုံးသူတွေ အတိအကျသိရဖို့ စာရင်းကောက်နေပြီး နိုင်ငံတကာတရားရုံးတွေကို တင်ပြသွားဖို့ရှိတယ်လို့လည်း သူကပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အခုလို အရပ်သားတွေ စုဝေးနေတဲ့အချိန် စစ်ကောင်စီက လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်များစွာရှိပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်ထဲမှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့ အနမ့်ပါရွာက KIA တပ်ဂီတဖျောဖြေပွဲ လေကြောင်းသုံး တိုက်ခိုက်ခံရမှုမှာ လူပေါင်း ၆ဝ ကျော်သေဆုံးခဲ့ရသလို၊ ၂ဝ၂၃ ခုနှစ်ထဲမှာ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ပဇီကြီးရွာရုံးခန်းဖွင့်ပွဲ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူ ၁၈ဝ ကျော် သေဆုံးခဲ့ရပါတယ်။

(မှတ်ချက်။ ဤသတင်းဆောင်းပါးနှင့်ပတ်သက်၍ နောက်ဆုံးရ သတင်းအချက်အလက်များအား ဖြည့်စွက်ထားပါသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။