ဆိပ်ဖြူမှာ လေကြောင်းပစ်ခတ်မှုကြောင့် သုံးဦးဒဏ်ရာရပြီး နေအိမ် နှစ်ဆယ်ခန့် မီးရှို့ခံရ
2024.01.31

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အနောက်ပိုင်းက ရွာတွေကို ဇန်နဝါရီလ ၂၉ ရက် နေ့လယ် ၁ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သက္ကယ်ကျင်းရွာက အမျိုးသားသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မြေပြင်စစ်ကြောင်းကပါ အိမ်ခြေ ခုနစ်ဆယ်ခန့်ရှိတဲ့ ကျွန်းတောရွာကို ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် အလုံးနှစ်ဆယ်ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
သက္ကယ်ကျင်းရွာအပြင် ရှားလှရွာနဲ့ ဂွေးတိုရွာတွေကိုပါ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"လေးရွာလောက် လေယာဉ်နဲ့ ဗုံးကြဲတာရှိတယ်။ အပေါ်ကနေ စက်သေနတ်တွေနဲ့ ဆွဲတာတွေရှိတယ်။ ဂွေးတိုရွာကျ ရွာထဲကို ဗုံးသီးချသွားတယ်။ သက္ကယ်ကျင်းရွာထိပ်ကို ဗုံးကြဲချလို့ အမျိုးသားသုံးဦး ဗုံးဆံမှန်လို့ ထိခိုက်သွားတယ်"
သုံးဦးစလုံး ဒဏ်ရာပြင်းထန်တာကြောင့် ဆေးဝါးကုသမှု ခံယူနေရပြီး ဂွေးတိုရွာက ကျွဲး၊ နွား တိရစ္ဆာန်တွေလည်း ထိခိုက်သေဆုံးမှု ရှိတယ်လို့ ဆိုပါတယ်။
ဆိပ်ဖြူ - ဆောလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲမကြာခဏဖြစ်နေတာကြောင့် စစ်ကောင်စီတပ်ဟာ ကားလမ်းဘေးက ကာကွယ်ရေးအဖွဲ့တွေရှိနိုင်တယ်လို့ ယူဆတဲ့ နေရာတွေနဲ့ ရွာတွေကို တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါတိုင်း အဲဒီကိစ္စတွေကို သူမသိကြောင်းနဲ့ ပြည်ထောင်စုအဆင့်ကသာ ထုတ်ပြန်လေ့ရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။
မီးရှို့ခံရမှုကိစ္စတွေကို မှတ်တမ်းပြုစုနေတဲ့ လွတ်လပ်တဲ့သုတေသနအဖွဲ့ Data for Myanmar ရဲ့ စာရင်းအရ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်းမှာတင် စစ်ကောင်စီတပ်သားတွေကြောင့် နိုင်ငံတစ်ဝန်းက နေအိမ် ၃၀,၂၇၃ လုံး မီးလောင် ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။