မိုးမိတ်က TNLA တပ်စခန်း ဗုံးကြဲတိုက်ခိုက်ခံရ
2024.06.10

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာရှိတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်စခန်းကို ဇွန်လ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
မိုးမိတ်မြို့နယ် ပန်းတင်နဲ့ မန်ပိန်းရွာကြားမှာရှိတဲ့ TNLA တပ်စခန်းကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် ဂျက်တိုက်လေယာဉ်ပေါ်ကနေ ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချခဲ့တာကြောင့် TNLA တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
ဒီအပြင် ဇွန်လ ၁ ရက်နေ့က ၉ ရက်နေ့အတွင်း စစ်ကောင်စီတပ်က TNLA တပ်စခန်းရှိရာကို လက်နက်ကြီးနဲ့ ဆယ်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့လည်း TNLA က ပြောပါတယ်။
ဟိုင်ဂင်သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ စစ်ကောင်စီတပ်အနေနဲ့ အပစ်ရပ်စာချုပ်ပါ အချက်တွေကို မလိုက်နာဘဲ ပစ်ခတ်မှုတွေ ပိုလုပ်လာရင် တုံ့ပြန်ဖို့ပြင်ဆင်ထားတယ်လို့ TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးက RFA ကို မေလအတွင်းမှာ ပြောထားပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မိုးမိတ်မြို့နယ်အတွင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့တွေ လှုပ်ရှားတဲ့ ဒေသ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလကစပြီး မိုးမိတ်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် ဒေသခံ တစ်သောင်းကျော် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပြီး ဒေသခံတချို့ ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။