ကယားမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် ခြောက်ဦးသေဆုံး
2024.04.20

ကယားပြည်နယ် (ကရင်နီပြည်)၊ လွိုင်ကော်မြို့နယ် ကုန်းသာရွာကို စစ်ကောင်စီတပ်က ဧပြီလ ၂၀ ရက် ဒီနေ့နေ့လယ်ပိုင်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုန်းသာရွာအတွင်းက ရပ်ကွက် (၃) နေရာမှာ ပေါင်ငါးရာဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ခြောက်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတွေရဲ့ နေအိမ်တွေပါ ပျက်စီးခဲ့ပြီး ဒဏ်ရာရသူတွေကို ဆေးကုသမှုတွေ ပေးနေတယ်လို့ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“နှစ်နှစ်အရွယ် ကလေးငယ် နှစ်ဦးကတော့ အသားတွေပါ ရှာမရဘူး။ ကျန်တဲ့လူကြီး လေးဦးထဲမှာ မ-တစ်ဦး၊ ကျား-သုံးဦးလို့ သိထားပါတယ်။ နေအိမ် နှစ်ဆယ်ခန့်လည်း ပျက်စီးသွားတာပေါ့။ ဒဏ်ရာရသူတွေကိုတော့ ဆေးကုသပေးနေပါပြီ”
ကုန်းသာရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းနဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး လတ်တလော အခြေအနေအရ သေဆုံးထိခိုက်သူတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ကုန်းသာရွာဟာ အိမ်ခြေ နှစ်ရာနီးပါးနဲ့ လူဦးရေ ခုနစ်ရာကျော် ရှိတဲ့ရွာဖြစ်ပြီး တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးနေခဲ့ရာက ၂၀၂၃ ခုနှစ်မှာတော့ ရွာထဲကို ပြန်လည် ဝင်ရောက်နေထိုင်နေကြတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသလို ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမဖြေဆိုပါဘူး။
စစ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း ကယားပြည်နယ်မှာ စစ်ဘေးဒုက္ခသည် သုံးသိန်းကျော်ရှိလာပြီး အဲဒီအထဲက ငါးသောင်းနီးပါးဟာ ရှမ်းတောင်ဘက်ကို တိမ်းရှောင်ခဲ့ကြတာလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။