ပညာရေးအသုံးစရိတ် ၂၀ရာခိုင်နှုန်းတိုးမြှင့်ရေး အမျိုးသားလွှတ်တော် သဘောမတူ


2015.03.26
amyothar-hluttaw-305.jpg နေပြည်တော်မှာ အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပနေတဲ့ အမျိုးသားလွှတ်တော်ကို တွေ့ရစဉ်
Photo: RFA

လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ သဘောတူထားတဲ့ ပညာရေးအသုံးစရိတ်ကို နိုင်ငံတော်အစိုးရရဲ့ အသုံးစရိတ် ၂၀ ရာခိုင်နှုန်းအထက်အထိ သတ်မှတ်ဖို့ ဆိုတဲ့အချက်ကို အမျိုးသားလွှတ်တော်က သဘောမတူ ဘဲ ရာခိုင်နှုန်း သတ်မှတ်ချက်မထားတော့ဘဲ ပြင်ဆင် အတည်ပြုလိုက်ပါတယ်။

သပိတ်မှောက်ကျောင်းသူ ကျောင်းသားတွေကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ထဲက အများစုကိုလက်ခံလိုက်ပြီး အဲဒီအသုံးစရိတ် ကိုတော့ ပြင်ဆင်လိုက်တယ်လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဒေါက်တာမြတ်ဉာဏစိုး က ပြောပါတယ်။

"၁၁ ချက်စလုံးအပေါ်မှာ အားလုံးဖြစ်စေရမယ် လို့လည်း ပြောခဲ့ပါတယ်၊ သတ်မှတ်ရတာ တော်တော်ခဲယဉ်းပါတယ်၊ ဒီလေးပွင့်ဆိုင်ဆွေးနွေးပွဲကလည်း ဆရာ့အနေနဲ့ တောက်လျှောက်ပြောခဲ့ပါတယ်၊ တိုင်းပြည်ရဲ့ အခြေအနေအပေါ်မှာ မူတည်ပြီးတော့ အပြောင်းအလဲရှိနိုင်တယ်ဆိုတာ၊ အဲ့တော့ အခုပြဌာန်းလိုက်တဲ့ ပြဌာန်းချက်ကလည်း ၂ဝ ရာခိုင်နှုန်းဆိုတဲ့ သတ်မှတ်ချက်တော့မပါသွားဘူး၊ ဒါပေမဲ့ နှစ်စဉ်တိုးမြှင့်သုံးစွဲသွားရမယ် ဆိုတဲ့ဟာတော့ပါတယ်"

အဲဒီဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၄ ယောက်က ၂ ရက်ကြာဆွေးနွေး ပီးနောက် ဒီနေ့ လွှတ်တော်မှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။

ပြင်ဆင်ချက်တစ်ပုဒ်ချင်းစီအလိုက် မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်တဲ့အတွက် ဒီမိုကရေစီဆန်တဲ့ ဆုံးဖြတ်ချက်တွေဖြစ်တယ်လို့ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။

ပညာရေးအသုံးစရိတ် ၂၀ ရာခိုင်နှုန်းအထက်အထိ သတ်မှတ်ဖို့ဆိုတဲ့အချက်ကို ကျောင်းသူ ကျောင်းသားတွေ အစိုးရ၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ၄ ပွင့်ဆိုင်ဆွေးနွေးပွဲတွေမှာ သဘောတူခဲ့တာ ဖြစ်ပါတယ်။

ပညာရေးမူဝါဒနဲ့ ဥပဒေ၊ နည်းဥပဒေတွေရေးဆွဲရာမှာ ကျောင်းသား ကျောင်းသူကိုယ်စားလှယ်တွေ၊ ဆရာ ဆရာမကိုယ်စားလှယ်တွေ ပါဝင်ခွင့်ရှိဖို့၊ ကျောင်းသားသမဂ္ဂ ဆရာသမဂ္ဂတွေ ဖွဲ့စည်းခွင့်ရှိဖို့၊ လက်ရှိကျင့်သုံးနေတဲ့ စာမေးပွဲစနစ်နဲ့ တက္ကသိုလ်ဝင်ခွင့်စနစ်တွေကို ပြင်ဆင်ဖို့၊ တိုင်းရင်းသားဘာသာစကားစုံကို အခြေပြုတဲ့ ပညာရေးစနစ်ဖြစ်ဖို့ စတဲ့အချက်တွေကိုတော့ အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

အဲဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြုပြီးနောက် ပြည်သူ့လွှတ်တော်က ဆက်လက်ဆွေးနွေး ကြမှာဖြစ်ပါတယ်။

အဲ့ဒီပြင်ဆင်အတည်ပြုခဲ့တဲ့ ဥပဒေကြမ်းမှာ ပါဝင်တဲ့အချက်တွေကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မခင်ပြည့်စုံ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။