အမျိုးသားလွှတ်တော်ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေကို ရွေးချယ်
2016.02.03

အမျိုးသားလွှတ်တော် ပထမဆုံးနေ့ကို ဒီကနေ့ကျင်းပရာမှာ အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် မန်းဝင်းခိုင်သန်းနဲ့ ဒုတိယဥက္ကဌအဖြစ် ဦးအေးသာအောင် တို့ကို ရွေးချယ်တင်မြှောက်လိုက်ပါတယ်။
ဥက္ကဌ မန်းဝင်းခိုင်သန်းက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်ဟာ ငြိမ်းချမ်းရေးရရှိဖို့၊ တရားဥပဒေစိုးမိုးရေး နဲ့ အမျိုးသားရင်ကြားစေ့ရေး ဆိုတဲ့ ဦးတည်ချက်တွေကို အကောင်အထည်ဖေါ်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
"ငြိမ်းချမ်းရေးရရဖို့၊ တရားဥပဒေစိုးမိုးမှုရရှိဖို့၊ အမျိုးသားရင်ကြားစေ့ရေးရရှိဖို့ အထူးပဲလိုအပ်ပါတယ်၊ အဲ့ဒီအတွက် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးတို့ကို ဖော်ဆောင်ပေး မည့် တရားဥပဒေတွေ လိုအပ်မှာဖြစ်ပါတယ်၊ ကျနော်တို့ရဲ့ အမျိုးသားလွှတ်တော်ကြီးဟာ နိုင်ငံတော်ရဲ့ အာဏာကြီးသုံးရပ်ရဲ့ ဥပဒေပြုရေးအာဏာရရှိထားတဲ့ အဖွဲ့ကြီးဖြစ်တဲ့အားလျော်စွာ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားရင်ကြားစေ့ရေးတို့အတွက် လိုအပ်တဲ့ဥပဒေများကို ရေးဆွဲပြဌာန်းဖို့၊ မလိုအပ်တဲ့ဥပဒေများကို ပြင်ဆင်ပယ်ဖျက်ဖို့ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်"
ဒါ့အပြင် မြန်မာနိုင်ငံဟာ သယံဇာတပေါကြွယ်ဝပေမယ့် ဆင်းရဲနေကြောင်း၊ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံဖြစ်လာဖို့အတွက် ကိုယ်စားလှယ်တွေမှာ တာဝန်ရှိကြောင်းလည်း မန်းဝင်းခိုင်သန်း က ပြောပါတယ်။
အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်ဖြစ်ပြီး ကရင်ပြည်နယ်အမှတ် (၈) မဲဆန္ဒနယ်ကဖြစ်ပါတယ်။ ဒုတိယဥက္ကဌ ဦးအေးသာအောင်ဟာ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်ဖြစ်ပြီး ရခိုင်ပြည်နယ်အမှတ် (၆) မဲဆန္ဒနယ်က ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦးရှိရာမှာ ကယားအမှတ် ( ၉ ) မဲဆန္ဒနယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ လက်ရှိ အစိုးရတာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းတစ်ဦးသာ ခွင့်နဲ့ပျက်ကွက်ပါတယ်။
အမျိုးသားလွှတ်တော်မှာ အန်အယ်လ်ဒီ ကိုယ်စားလှယ် ၁၃၅ ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၁၁ ဦး၊ ရခိုင်အမျိုးသားပါတီက ၁ဝ ဦး နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၃ ဦး ဖြစ်ပြီး ပါတီ ၉ ပါတီက ကိုယ်စားပြုထားပါတယ်။ ဒါ့အပြင် တပ်မတော်သား ကိုယ်စားလှယ်က ၅၆ ဦးဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်ပထမနေ့ အစည်းအဝေးကို အန်အယ်လ်ဒီ နာယက သူရဦးတင်ဦး၊ သူရဦးရွှေမန်း နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လည်း တက်ရောက်ကြပါတယ်။