ဖက်ဒရယ်စနစ် လေ့လာရေး သင်တန်းကို ANP ဖျက်သိမ်း


2018.03.20
anp-office-622.jpg ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်အမျိုးသားပါတီ ANP ဗဟိုဌာနချုပ်ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်အမျိုးသားပါတီ ANP က ဦးဆောင်စီစဉ်ထားတဲ့ အိန္ဒိယနိုင်ငံ ဖက်ဒရယ် စနစ်လေ့လာရေးသင်တန်းကို ပြည်နယ်အစိုးရက ဟန့်တားခဲ့တာကြောင့် ဖျက်သိမ်းလိုက်ရတယ်လို့ ပါတီတာဝန်ရှိသူတွေက ဒီနေ့ပြောပါတယ်။

အဲဒီသင်တန်းနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်စာတွေ တင်ပြခိုင်းတာကြောင့် သင်တန်းကို ဖျက်သိမ်းခဲ့တာလို့ ရခိုင်အမျိုးသားပါတီ ANP  ဒုတိယဥက္ကဌ ဦးခိုင်ပြည်စိုးက ပြောပါတယ်။

"ဝန်ကြီးပြောသွားတဲ့ဟာကတော့ နိုင်ငံခြားသားတွေ တရားဝင်လာတဲ့ မှတ်တမ်းတွေကို ကျနော်တို့ ပေးပါဆိုလို့ ညတွင်းချင်းပဲ ကျနော်တို့ သွားပေးပါတယ်။ ဒါပေမဲ့ နောက်တစ်ကြိမ် ဖုန်းဆက်တဲ့အခါမှာ ဒီလောက်နဲ့ မပြီးဘူး။ နိုင်ငံခြားရေးဌာနက ဒီပုဂ္ဂိုလ်တွေကို ဟောပြောခွင့်ပြုတယ်ဆိုတဲ့ စာရွက်စာတမ်းလိုချင်တယ်ဆိုတဲ့ အကြောင်းတရားကို တိုးလာတဲ့အခါကျတော့ ကျနော်တို့နဲ့ သိပ်သဘောထားမတိုက်ဆိုင်တော့ဘူး ခင်ဗျ။ ကျနော်တို့ကို နိုင်ငံခြားရေးဌာနက ခွင့်ပြုချက်ယူရမယ်ဆိုတဲ့ဟာသည် လုံးဝမဖြစ်နိုင်တဲ့ကိစ္စတစ်ခုကို ပြောတယ်လို့ပဲ ကျနော်တို့ ယူဆတယ်"

အိန္ဒိယနိုင်ငံ ဖက်ဒရယ်စနစ်လေ့လာရေးသင်တန်းကို ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက ဒေသခံတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ စစ်တွေမြို့ ရွှေသဇင်ဟိုတယ်မှာ ဒီနေ့ကနေ မနက်ဖြန် အထိ နှစ်ရက်တာကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

အဲဒီသင်တန်းကျင်းပဖို့အတွက် သက်ဆိုင်ရာဌာနတွေကို ကြိုတင်ညှိနှိုင်းတာတွေနဲ့ အသိပေးတာတွေ လုပ်ဆောင်ခဲ့ပေမယ့် မနေ့က ဒေသအာဏာပိုင်တွေက သင်တန်းပြုလုပ်တာကို လက်မခံဖို့ ဟိုတယ်ပိုင်ရှင်ကို ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီတာဝန်ရှိသူတွေက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ မနေ့ညက သွားရောက်တွေ့ဆုံ ညှိနှိုင်းခဲ့ရာမှာ ခွင့်ပြုချက်အထောက်အထား စာရွက်စာတမ်းတွေ တင်ပြဖို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောတယ်လို့ ANP ပါတီ ဒုတိယဥက္ကဌ ဦးခိုင်ပြည်စိုးက ဆိုပါတယ်။

အိန္ဒိယနိုင်ငံက ပညာရှင်တွေပို့ချတဲ့ အိန္ဒိယနိုင်ငံ ဖက်ဒရယ်စနစ်လေ့လာရေးသင်တန်းကို အရင်က စစ်တွေမြို့မှာ သုံးကြိမ်လောက်ပြုလုပ်ခဲ့ပြီးဖြစ်သလို နေပြည်တော်အပါအဝင် အခြားတိုင်းနဲ့ ပြည်နယ်အသီးသီးမှာလည်း ပြုလုပ် ခဲ့တဲ့သင်တန်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။