ANP ရခိုင်အမျိုးသားပါတီသစ် တရားဝင် ခွင့်ပြုချက်ရရှိ
2014.03.07

ရခိုင်ပါတီနှစ်ခု ပူးပေါင်းပြီး ဖွဲ့စည်းလိုက်တဲ့ ရခိုင်အမျိုးသားပါတီ ANP ကို ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က မနေ့ကရက်စွဲနဲ့ ပါတီမှတ်ပုံတင် ချပေးလိုက်ပါတယ်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီတို့ ပူးပေါင်းထားတဲ့ ပါတီအသစ်ရဲ့ ပထမဆုံးအကြိမ် ဗဟိုအလုပ် အမှုဆောင်ကော်မတီ အစည်းအဝေးကို မကြာခင် စစ်တွေမြို့မှာ ကျင်းပသွားမယ်လို့ အရင်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ ဥက္ကဌ ဖြစ်တဲ့ ဦးအေးသာအောင်က ပြောပါတယ်။
"ANP ပါတီမှတ်ပုံတင် ကျပြီးပြီဆိုတော့ စစ်တွေမှာကျင်းပမယ့် CEC အစည်းအဝေးက ပါတီရဲ့ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးပြီးတော့ လုပ်စရာရှိတဲ့ကိစ္စတွေကိုလုပ်မယ်"
ရခိုင်အမျိုးသားပါတီ ANP ရဲ့ ပထမဆုံးအကြိမ် ဗဟိုအလုပ်အမှုဆောင် ကော်မတီတွေ့ဆုံပွဲမှာ ပါတီသစ်ရဲ့ ဥက္ကဌ၊ ဒုက္ကဌတွေကို ရွေးချယ်သွားဖို့ရှိသလို နှစ်ဘက်ပါတီတွေရဲ့ မြို့နယ်အသီးသီးက ရုံးခွဲတွေကိုလည်း ရခိုင်အမျိုးသားပါတီ ANP အဖြစ် ပြန်လည်ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီနှစ်ခုကိုလည်း ကော်မရှင်လုပ်ထုံးလုပ်နည်းအရ ဖျက်သိမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့ ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ ANP အဖြစ် ပါတီမှတ်ပုံတင်ခွင့်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်တာဖြစ်ပါတယ်။