PR စနစ်ကန့်ကွက် ဆန္ဒပြပွဲ ခေါင်းဆောင်နှစ်ဦးကို စတင်ရုံးထုတ်စစ်ဆေး


2014.10.17
pr-protest-305.jpg PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတစ်ခုကို မြင်ရစဉ်
Photo: RFA

PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက် ခေါင်းဆောင် နှစ်ယောက်ကို တရားမဝင် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈နဲ့  ကျောက်တံတား မြို့နယ် တရားရုံးမှာ ဒီကနေ့ ပထမဆုံးအကြိမ်အဖြစ် ရုံးတင်စစ်ဆေးခဲ့ပါတယ်။

အခုလို တရားစွဲခံရတာကို တရားဥပဒေအရ ရင်ဆိုင်ဖြေ ရှင်းသွားမယ်လို့ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက် အထွေထွေ အတွင်းရေးမှူး ဦးမြတ်ကျော် က ပြောပါတယ်။

"ခွင့်ပြုမိန့်တင်ပြီးတော့ သူတို့က ဟစ်တိုင်ကို ချပေးတဲ့အချိန်မှာ နောက်နေ့မှာ ကျော်တံတားမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ပေါ့ ကျနော်ကိုယ်တိုင်ပဲ သွားရောက် ညှိနှိုင်းတယ်၊ ကျနော်တို့တောင်းတာက မြို့တော် ခန်းမရှေ့ဖြစ်ပါတယ်၊ ကျိုက္ကဆံကွင်း မဟုတ်ဘူး၊ အဲဒီ့တော့ ကျနော်တို့က မြို့တော်ခန်းမရှေ့မှာ လုပ်မှာဖြစ်တဲ့အတွက် လာပြီးတော့အသိပေးတယ်၊ အကြောင်း ကြားတယ်ပေါ့၊ အထက်ကို အကြောင်းကြားပြီးတော့ ပြန်ပြောပါ့မယ်ပြောတယ်ဗျ၊ ကျနော်တို့ နောက်ဆုံးပွဲလုပ်တဲ့ အချိန်ထိ ဘာမှအကြောင်းပြန်ကြားခြင်းမရှိဘူး၊ ဒါပေမဲ့ နောက်ဆုံးတော့ ကျနော်တို့ကို ဒီအချိန်မှာ ပုဒ်မ ၁၈ နဲ့ တရားစွဲတဲ့ပုံစံ ဖြစ်လာတယ်ဗျ၊ ဥပဒေအတိုင်း ၅ ရက် ကြိုတင်တာတို့ဘာတို့ကအစ ကျနော်တို့လုပ်ပါတယ်၊ ဥပဒေချိုးဖောက်တာက ကျနော်တို့မဟုတ်ဘူး၊ အာဏာပိုင်ဆိုတဲ့အကြောင်းကို ကျနော်တို့ ထင်ထင်ရှားရှားပြ တာပါ"

အခုရုံးတင်ခံနေရသူတွေဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က မြို့တော်ခန်းမရှေ့မှာ PR စနစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။ အဲဒီဆန္ဒပြပွဲမှာ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်က ဦးဆောင်ပြီး ဒီမိုကရေစီ အင်အားစုများအဖွဲ့၊ ကြည်မြင်တိုင် လူမှုဖွံ့ဖြိုးရေးကွန်ရက်၊ ဧရာဝတီ သဘာဝပတ်ဝန်းကျင် သင်တန်းကျောင်း၊ အဂါၤဆုတောင်းအဖွဲ့အပြင် ဒေါပုံ၊ မင်္ဂလာဒုံ၊ သင်္ဃန်းကျွန်းစတဲ့ မြို့နယ်တွေက တက်ကြွလှုပ်ရှားသူ ၂ဝဝ နီးပါး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေဖြစ်ကြတဲ့ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်က ဦးခင်မောင်အေးနဲ့ ကိုသိန်းလှိုင်ထွန်းတို့ကို ကျောက်တံတားမြို့နယ်တရားရုံးက ပုဒ်မ ၁၈ နဲ့ တရားစွဲခဲ့တာပါ။

ဒါ့အပြင် ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်က ဦးဆောင်ပြီး PR စနစ်ကိုကန့်ကွက်တဲ့ လက်မှတ်ကောက်ခံပွဲတွေ ကို ဒဂုံမြို့သစ်၊ ဒဂုံဆိပ်ကမ်း၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ ဒေါပုံ၊ သာကေတစတဲ့ မြို့နယ် ၁၅ မြို့နယ်မှာ ဆောင် ရွက်ခဲ့ပြီးရရှိတဲ့ လက်မှတ်သုံးထောင်နီးပါးကို ပြည်ထောင်စုလွှတ်တော် တင်ပြထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။