ငွေကြေးဥပဒေကြမ်း ၂ ခု အမြန်အတည်ပြုပေးဖို့ လွှတ်တော်ကို သမ္မတတောင်းဆို
2014.01.20

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းနဲ့ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်းတွေကို ဥပဒေ အဖြစ် မပြဌာန်းနိုင်ရင် ငွေကြေးနဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူခံရနိုင်တာကြောင့် လာမယ့် ဖေဖော်ဝါရီလ ပထမအပတ်မှာ နောက်ဆုံးထားပြီး ဥပဒေတွေ အဖြစ်ပြဌာန်းပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဆီ ကို စာရေးသားပေးပို့ထားတယ်လို့ သိရပါတယ်။
အဲဒီ ဥပဒေမူကြမ်း ၂ ခုကို လွှတ်တော်တစ်ခုစီမှာ တင်သွင်းဆွေးနွေးရမှာဖြစ်ပါတယ်။ ဒီနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က နိုင်ငံတော်သမ္မတ ပေးပို့ ထားတဲ့စာနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာပါ။
"နိုင်ငံတော်သမ္မတစာမှ ပါတဲ့အချက်ကို ကောက်နှုတ်ပြီး တင်ပြရမယ်ဆိုရင် ကျနော်တို့နိုင်ငံအတွက် အရေးကြီးသော ဖန်တီးမှုများ ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေများကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ပထမအပါတ်အတွင်း ပြဌာန်းနိုင်ရန် အရေးတကြီး လိုအပ်လျှက်ရှိပါသည်။ ၎င်းဥပဒေနှစ်ခုကို မပြဌာန်းနိုင်ပါက ငွေကြေးနှင့် စီးပွားရေး ပိတ်ဆို့အရေးယူခံရမှု ထပ်မံဖြစ်ပေါ်လာနိုင်ပါသဖြင့် အချိန်မီပြဌာန်းပေးနိုင်ရေး ဦးစားပေးဆောင်ရွက်ပေးနိုင်ရန်ဆိုပြီး ဖော်ပြထားတာရှိပါတယ်"
ဒီနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေတွေကို အမြန်ဆုံးပြဌာန်းဖို့ ဘဏ္ဍာရေးဆိုင်ရာ အရေးယူဆောင်ရွက်မှု အဖွဲ့ Financial Action Task Force (FATF) က တိုက်တွန်းအကြောင်းကြားထားတာကြောင့် အမျိုးသားလွှတ်တော်က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ဆွေးနွေးအတည်ပြုပေးပါလို့ အဆိုတင်ခဲ့ပါတယ်။
"၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၄ ရက်နေ့အတွင်း ပြင်သစ်နိုင်ငံ ပဲရစ်စ်မြို့မှာ ကျင်းပပြုလုပ်မယ့် FATF အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့တိုးတက်မှုကို ထပ်မံဆွေးနွေးမှာဖြစ်ပါတယ်။ သိသာထင်ရှားတဲ့ တိုးတက်မှုတွေမရှိပါက တန်ပြန်အရေးယူမှုများ ပြုလုပ်သွားမှာဖြစ်ကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေတို့ကို စောလျှင် စွာပြဌာန်းရန် လိုအပ်ကြောင်းကို FATF နဲ့ APG တို့က အကြောင်းကြားလာပါတယ်။"
FATF ကို နိုင်ငံပေါင်း ၃၄ နိုင်ငံအပြင် ဥရောပကော်မရှင်European Commission နဲ့ ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ Gulf Cooperation Council တို့ကပါ အဖွဲ့ဝင်အဖြစ်နဲ့ ဖွဲ့စည်းထားတာပါ။ အဲဒီအဖွဲ့ဟာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနဲ့ အကြမ်းဖက်အဖွဲ့တွေကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးအတွက် မူဝါဒပိုင်းဆိုင်ရာ ချမှတ်ဖို့အတွက် ဖွဲ့စည်းထားတာဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးမှာဖြစ်ပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်းကိုတော့ ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးမှာ ဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။