ရွေးကောက်ပွဲဆန့်ကျင်ရေး စာရွက် သောင်းနဲ့ချီ ဖြန့်ဝေ

ကျောက်ပန်းတောင်းမြို့မှာ NLD အဖွဲ့ဝင်တွေက ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာရွက် ၂ သောင်းလောက် ဒီကနေ့ ဆက်လက် ဖြန့်ဝေခဲ့ရာမှာ ရဲတပ်ဖွဲ့နဲ့ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့တွေက နောက်က လိုက်ပြီး ဓာတ်ပုံရိုက်ယူခဲ့ပေမယ့် တားမြစ်ပိတ်ပင်မှု မရှိဘူးလို့ သိရပါတယ်။

2010.11.06
anti-election_t-shirt_back_305_z NLD အဖွဲ့ဝင်တဦး ‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဥပဒေအရ မဲမပေးပဲ နေပိုင်ခွင့်ရှိတယ်’ စာတမ်းပါ တီရှပ် ဝတ်ဆင်ထားပုံ ဖြစ်ပါသည်။ (Photo: demowaiyen)
(Photo: demowaiyen)

အလားတူ မဲမပေးရေး လက်ကမ်းစာရွက် ၅ ထောင်ကို မနေ့က ကျောက်ပန်းတောင်း မြို့လည်ဈေးကြီး တဝိုက်မှာ ဖြန့်ဝေခဲ့ပြီး ဒီကနေ့မှာတော့ မြို့ပေါ် ရပ်ကွက် ၁၂ ခုလုံးမှာ လိုက်ဝေခဲ့တယ်လို့ သိရပါတယ်။ ကျောက်ပန်းတောင်းမြို့မှာ မနက်ဖြန် ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့ လှုပ်ရှားမှုတွေ ငြိမ်သက်နေသလို မြို့ခံပြည်သူ အများစုကလည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိဘူးလို့ သိရပါတယ်။

ဧရာဝတီတိုင်း ဘိုကလေးမြို့မှာလည်း ဒီကနေ့ မနက်ပိုင်းက NLD ခေါင်းဆောင်တွေရဲ့ ရုပ်ပုံပါ တီရှပ်တွေကို ဝတ်ဆင်ပြီး ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာရွက်တွေကို မြို့ခံ NLD အဖွဲ့ဝင်တွေက လိုက်လံ ဖြန့်ဝေခဲ့ကြပါတယ်။ အာဏာပိုင်တွေက လိုက်လံ ဓာတ်ပုံရိုက်ယူခဲ့ပေမယ့် တားဆီးနှောင့်ယှက်တာ မရှိဘူးလို့ မြို့နယ် NLD ဥက္ကဋ္ဌ ဦးအောင်ခင်ဘိုက ပြောပါတယ်။

ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို တားဆီးတာ မရှိပေမယ့်  ဘိုကလေးမြို့နယ်ကနေ ရန်ကုန်နဲ့ တခြား မြို့ရွာတွေမှာ သွားရောက် အလုပ်လုပ်ကိုင်သူတွေကိုတော့ ရွေးကောက်ပွဲရက်မှာ နေရပ်ကို ပြန်ပြီး မဲမပေးရင် ထောင်ဒဏ်တနှစ် ချမှတ်မယ်လို့ ခြိမ်းခြောက် ပြောဆိုထားတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် အခုရက်ပိုင်း ရန်ကုန်-ဘိုကလေး ပြေးဆွဲနေတဲ့ သင်္ဘောလိုင်းတွေမှာ ဘိုကလေးမြို့ကို ပြန်လာတဲ့ လူငယ်တွေနဲ့ ပြည့်ကျပ်နေတယ်လို့ သိရပါတယ်။ အဲဒီလူငယ်တွေ အနေနဲ့ မိမိတို့ အခွင့်အရေးကို သိရှိအောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားပါတဲ့ စာရွက်တွေ လိုက်လံ ဝေငှခဲ့တယ်လို့ မြို့နယ် NLD စည်းရုံးရေးမှူး ဒေါ်မိမိစိန်က ပြောပါတယ်။

“မနေ့က သုံးထပ်သင်္ဘောပေါ်မှာ ခြေချစရာ မရှိအောင်ကို လူတွေ အများကြီးပဲ။ အဲဒါနဲ့ ထူးခြားတယ်ပေါ့၊ ဘာဖြစ်လို့ ဒီလောက်တောင် လူတွေများနေတာလဲ ဆိုပြီး မေးကြည့်တယ်။ သူတို့ မဲထည့်ဖို့ ပြန်လာတာတဲ့။ ကျမက မဲမပေးဘဲလည်း နေလို့ ရတယ်ဆိုတာကို မသိလို့လားလို့ ဆိုတော့ သူတို့ မသိလည်း မသိပါဘူးတဲ့၊ သူတို့ရဲ့အိမ်သူ ဇနီးမယားတွေက ရွာကနေ ဖုန်းလှမ်းဆက်တယ်၊ မဲမထည့်ဘူးဆိုရင် တနှစ် ထောင်ကျမယ်လို့ ပြောတယ်တဲ့။ အဲဒါ  ၅ ရာတန်တဲ့ ခရီးကို မှောင်ခိုဈေး ၁ ထောင့် ၅ ရာနဲ့ ဝယ်ပြီး အခု လာရတယ်တဲ့”

ဘိုကလေးမြို့နယ် NLD စည်းရုံးရေးမှူး ဒေါ်မိမိစိန် ပြောသွားတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။