သတင်းထောက် ၃ ဦးအပါအဝင် ၇ ဦးကို လားရှိုးရဲစခန်းမှာ ဖမ်းဆီး ထား
2017.06.26

ဒီမိုကရက်တစ်မြန်မာ့အသံ DVB နဲ့ ဧရာဝတီ သတင်းဌာနတွေက သတင်းထောက် ၃ဦး အပါအဝင် ၇ဦးကို ရှမ်းပြည်မြောက်ပိုင်း နမ့််ဆန်-သီပေါကားလမ်းမှာ လိုင်စင်မဲ့ကားနှစ်စီးနဲ့အတူ ဖမ်းဆီးထားတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး TNLA အဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့သူတွေကို တရားဥပဒေနဲ့အညီ ဖမ်းဆီးအရေးယူထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီကနေ့ နေ့လည် ၃ နာရီခွဲအချိန်လောက်က နမ့််ဆန်ကနေ သီပေါဘက်ကို မောင်းနှင်လာတဲ့ကားနှစ် စီးပေါ်မှာ DVB သတင်းဌာနက အကြီးတန်းသတင်းထောက် ဦးအေးနိုင်နဲ့ ဦးပြည့်ဘုန်းနိုင်၊ ဧရာဝတီ သတင်းဌာနက သတင်းထောက် ဦးသိန်းဇော်တို့အပါအဝင် အမျိုးသား ၇ ဦး လိုက်ပါလာကြောင်း၊ TNLA အဖွဲ့နဲ့ ဆက်သွယ် ပြီး ပြန်လည်ထွက်ခွာလာတယ်လို့ စုံစမ်းသိရှိရတဲ့အတွက် တရားဥပဒေနဲ့ အရေးယူဆောင်ရွက်နိုင်ဖို့ လားရှိုးမြို့နယ် ရဲစခန်းကို စနစ်တကျလွှဲပြောင်း အပ်နှံထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီသတင်းထောက်တွေဟာ TNLA က ကျင်းပတဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးမှုအခမ်းအနားကို သွားရောက် ပြီး ပြန်လာကြတာဖြစ်တယ်လို့ သိရပါတယ်။
TNLA အဖွဲ့ဟာ အစိုးရနဲ့ NCA တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မှာ လက်မှတ်မရေးထိုး ရသေးတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်သလို ရှမ်းပြည်မြောက်ပိုင်းဖက်မှာ တပ်မတော်နဲ့ တိုက်ပွဲမကြာမကြာ ဖြစ်ပွားနေတာလည်း ဖြစ်ပါ တယ်။