မြန်မာ့တပ်မတော်က စစ်လက်နက်ပစ္စည်း အမြောက်အမြား ဝယ်ယူနေ
2019.05.29
မြန်မာ့တပ်မတော်ဟာ တိုက်ခိုက်ရေးစွမ်းရည်ကို ပထမတန်းစားအဆင့်ဖြစ်အောင် မြှင့်တင်ဖို့ နောက်ဆုံးပေါ်စစ်လက်နက်ပစ္စည်းတွေကို အမေရိကန်ဒေါ်လာသန်းပါင်းများစွာအကုန်အကျခံပြီး ဝယ်နေတယ်လို့ AFP သတင်းတပုဒ်က ဒီနေ့ဖော်ပြလိုက်ပါတယ်။
မြန်မာ့တပ်မတော်ကို အကူအညီအားလုံးရပ်စဲထားဖို့ ကုလသမဂ္ဂ လွတ်လပ်တဲ့အချက်အလက်ရှာဖွေရေးကော်မရှင်က မကြာသေးခင်က ပြောထားသလို EU ဥရောပသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုက မြန်မာကို လက်နက်တင်ပို့ရောင်းချမှု ပိတ်ဆို့ထားတဲ့ကာလမှာတောင် အခုလို စစ်လက်နက်တွေ ဝယ်နေတာလို့ ထောက်ပြပါတယ်။
၂ဝ၁၃ ခုနှစ်ကနေ ၂ဝ၁၇ ခုနှစ်အထိ စစ်လက်နက်ဝယ်ယူသမျှထဲမှာ ၆၈ ရာခိုင်နှုန်းက တရုတ်ကနေ ဝယ်ခဲ့တာလို့ SIPRI စတော့ခ်ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့က ဆိုပါတယ်။ အဲဒီထဲမှာ တင့်ကားတွေ၊ မြေပြင်ကနေ ဝေဟင်ပစ်ဒုံးတွေ၊ ရေဒါစနစ်တွေ၊ မောင်းသူမဲ့ဒရုန်းယာဉ်တွေပါတယ်လို့ SIPRI (စစ်ပရီ) အဖွဲ့က အာရှ-ပစိဖိတ်ဆိုင်ရာ သုတေသီ Siemon Wezeman ကပြောပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၈ မှာလည်း၊ တရုတ်နဲ့ ပါကစ္စတန်ဖက်စပ်ထုတ်လုပ်ပြီး တစ်စင်းကို အမေရိကန်ဒေါ်လာ ၂၅ သန်းတန်တဲ့ JF-17 ဂျက်တိုက်လေယာဉ်တွေ ဝယ်ဖို့ အော်ဒါမှာထားပါတယ်။ ဒါ့အပြင် ဒေါ်လာ သန်း ၂ဝဝ ဖိုးလောက်ရှိတဲ့ ရုရှားနိုင်ငံလုပ် SU-30 အမျိုးအစား ဂျက်တိုက်လေယာဉ် ခြောက်စင်းလဲ မကြာသေးခင်က အော်ဒါမှာထားပါတယ်။
ရေတပ်စွမ်းရည်မြှင့်ဖို့ကိုလည်း အိန္ဒိယနဲ့ကြိုးစားနေတယ်လို့ ဆိုပါတယ်။ အစ္စရေးလ်နိုင်ငံထုတ် Super Fvora MK 3 အမျိုးအစားကင်းလှည့်ရေယာဉ်တွေ ပိုင်ဆိုင်ထားတဲ့ အကြောင်းကိုလည်း မြန်မာ့တပ်မတော် (ရေ) က ၂ဝ၁၇ ခုနှစ်မှာ ထုတ်ပြထားတယ်လို့ဆိုပါတယ်။ ဒါပေမယ့် အစ္စရေးလ်အနေနဲ့ မြန်မာ့တပ်မတော်ကို စစ်လက်နက်မရောင်းတော့ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတဲ့အကြောင်း ရန်ကုန်အခြေစိုက် အစ္စရေးလ်သံရုံးက ပြောတယ်လို့ဆိုပါတယ်။