စစ်တပ်လက်နက်ကြီးပေါက်ကွဲလို့ ပုလောမှာ သုံးနှစ်ကလေးနဲ့ မိခင် သေဆုံး
2023.05.27
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မင်းပြင်ရွာမှာ မေလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက် ပေါက်ကွဲတာကြောင့် သားအမိနှစ်ယောက် သေဆုံးခဲ့တယ်လို့ ပုလောမြို့နယ်ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မေလ ၂၆ ရက် ၁၁ နာရီဝန်းကျင်မှာ မင်းပြင်ရွာထဲကို လက်နက်ကြီးကျည်ကျပေါက်ကွဲခဲ့ပြီး ကြက်ခြံထဲမှာရှိနေတဲ့ သားအမိနှစ်ယောက်ထိပြီး သေသွားတယ်လို့ ပုလောကာကွယ်ရေးတပ်ဖွဲ့က ဆရာစံက ပြေပါတယ်။
"စစ်တပ်ကရမ်းပစ်လိုက်တဲ့ လက်နက်ကြီးက ရွာထဲကျတယ် ခြံထဲမှာရှိတဲ့ မိသားစုတွေထိတယ်၊ အမေဖြစ်သူက နေရာမှာတင်ဆုံးသွားတယ်၊ သမီးဖြစ်သူကတော့ မြိတ်ကဆေးရုံအရောက်မှာ သေသွားတယ်"
မိသားစု သုံးဦးဟာ ကြက်ခြံထဲ အစာကျွေးနေစဉ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အသက် ၄၀ ဝန်းကျင် အမျိုးသမီး ပွဲချင်းပြီးသေဆုံးခဲ့သလို အသက် သုံးနှစ်အရွယ် သမီးဖြစ်သူကတော့ ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
ကလေးကို မြိတ်ဆေးရုံ ပို့ဆောင်စဉ်မှာ စစ်ကောင်စီတပ် တာဝန်ရှိသူတွေရောက်လာပြီး PDF အဖွဲ့က ထောင်တဲ့မိုင်းထိတာကြောင့် သေဆုံးတာလို့ပြောဖို့ မိသားစုကို ဖိအားပေးခဲ့တယ်လို့လည်း ဆရာစံက ပြောပါတယ်။ ဖခင်ဖြစ်သူကတော့ ရင်ဘတ်မှာ လက်နက်ကြီးကျည်စ ထိမှန်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ မရှိဘဲ နေ့စဉ် ရမ်းသန်းပစ်ခတ်နေတာလို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာတိုင်းပြောရေးဆိုခွင့်ရှိသူကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။