ရွေးကောက်ပွဲရလဒ် တပ်မတော်နဲ့ အစိုးရ လိုက်နာမယ်လို့ သမ္မတဦးသိန်းစိန် ကတိပေး


2015.11.07
utheinsein-620.jpg နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ်
Photo: Myanmar President Office Website

၂၀၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကနေ ထွက်ပေါ်လာမယ့် ရလဒ်ကို အစိုးရနဲ့အတူ တပ်မတော်တို့က လေးစားလိုက်နာသွားမယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတဝှမ်းကို မနေ့က ထုတ်ပြန်တဲ့ ရွေးကောက်ပွဲဆိုင်ရာ မိန့်ခွန်းထဲမှာ ကတိပေးပြောဆိုသွားပါတယ်။

ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲ ရလဒ်များအပေါ် လေးစားလိုက်နာမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိနေတာကို သိရှိကြောင်းနဲ့ တရားမျှတလွတ်လပ်တဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်ကို လေးစားလိုက်နာသွားမည်ဖြစ်ကြောင်း ထပ်မံပြောကြားလိုတယ်လို့ မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

ဒါ့အပြင်လည်း ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲတစ်ခုကို ကျင်းပပြုလုပ်နိုင်ဖို့အတွက် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ဟာ နေရာတိုင်းမှာ ရှိခဲ့ပေမယ့်  ဒီရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများရဲ့ ဆန္ဒသဘောထားကို မှန်ကန်စွာ ထင်ဟပ်ပြသနိုင်မယ်လို့ ခိုင်မာစွာယုံကြည်ကြောင်း ကိုလည်း ပြောပါတယ်။

ရွေးကောက်ပွဲရလဒ်များနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့ကို လက်ခံသွားမှာ ဖြစ် ပြီး နိုင်ငံရေးအင်အားစုအသီးသီးရဲ့ ခေါင်းဆောင်များအနေနဲ့လည်း လေးစားလက်ခံသွားကြမယ် ယုံကြည်ကြောင်းလည်း ပြောသွားခဲ့ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးဟာ မြန်မာနိုင်ငံ အနာဂါတ်အတွက် အရေးကြီးသလို ကမ္ဘာ့အသိုင်းအဝိုင်း အားလုံးကလည်း  စောင့်ကြည့်နေတဲ့ ရွေးကောက်ပွဲကြီးဖြစ်တဲ့အတွက်  နိုင်ငံရေးခေါင်းဆောင်များအနေနဲ့ အမြော်အမြင်ရှိရှိ သဘောထားကြီးကြီးနဲ့ နိုင်ငံရေးရွေးချယ်မှုများ ပြုလုပ်ဖို့နဲ့ ပြည်သူများအနေနဲ့လည်း ကိုယ့်ရဲ့ဆန္ဒမဲတစ်ပြားကို လွတ်လပ်စွာ ဆန္ဒပြုကြဖို့ကိုလည်း သမ္မတရဲ့ မိန့်ခွန်းထဲမှာ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။