တပ်မတော်နဲ့ KIA ဆင်ဘိုအနီး တကျော့ပြန် တိုက်ပွဲဖြစ်


2018.10.13
kia-622.jpg KIA တပ်စခန်းတစ်ခုကို တွေ့ရစဉ်
Photo: Kan Thar/RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ထဲက ဆင်ဘိုမြို့နယ်ခွဲဒေသဘက်မှာ တပ်မတော်နဲ့ KIA တို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က စစ်အင်အားတွေ ဖြည့်တင်းထားတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာတဲ့ အခြေအနေမှာရှိတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့က ဆင်ဘိုနားက ခေါမာလို့ခေါ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တပ်ရင်း ၅ အခြေစိုက်တဲ့ နေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ KIA ပြောခွင့်ရသူ ဒု-ဗိုလ်မှူးကြီး နော်ဘူ က RFA ကို ဒီနေ့ ပြောပါတယ်။

ကချင်ပြည်နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ KIA တို့ တိုက်ပွဲမဖြစ်တာ ၆ လလောက် ရှိနေခဲ့ပြီဖြစ်ပေမယ့် အဲဒီဒေသ မှာ တပ်မတော်စစ်ကြောင်းတွေက နောက်ပြန်ဆုတ်သွားတာ မရှိသေးတဲ့အတွက် အချိန်မရွေး တိုက်ပွဲတွေ ထပ်ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဒီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတဲ့ အခြေအနေကို အတိအကျ မသိရသေးဘူးလို့ သိရပါတယ်။

တပ်မတောာ် တာဝန်ရှိသူတွေနဲ့ KIA ဥက္ကဋ္ဌ ဦးဆောင်တဲ့ အဖွဲ့တို့ဟာ နှစ်ဖက်တိုက်ပွဲတွေ လျော့ချရေး နှစ်ကြိမ်တိုင်တွေ့ဆုံခဲ့တာရှိပေမယ့် သိသာတဲ့ ရလဒ်ထွက်ပေါ်လာတာ မရှိသေးပါဘူး။

တိုက်ပွဲဖြစ်တဲ့နေရာဟာ ဧရာဝတီမြစ်ရဲ့ ပထမမြစ်ကျဉ်းနေရာအနီးမှာဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံ ရာနဲ့ချီပြီး ဆင်ဘိုမြို့ပေါ်ကို ထွက်ပြေးပုန်းအောင်းနေကြရတယ်လို့ ဒု-ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

KIA အဖွဲ့ဟာ NCA လမ်းကြောင်းအတိုင်း မဟုတ်ဘဲ တခြားနည်းလမ်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ဖော်ဆောင်မယ်လို့ ကြေညာထားတဲ့ UWSA “ဝ” ဦးဆောင်တဲ့ FPNCC အဖွဲ့ဝင်ဖြစ်ပြီး တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ခဲ့သလို နိုင်ငံတော် အတိုင်ပင်ခံ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။