တပ်မတော်ပြောရေးဆိုခွင့် ရှိသူတွေ ထားပေးဖို့ တောင်းဆို


2016.09.17
army-media-press-620.JPG ရန်ကုန်မြို့ မြဝတီစာပေတိုက်မှာ စက်တင်ဘာ ၁၆ ရက်နေ့က ကျင်းပတဲ့ တပ်မတော်နဲ့ သတင်းမီဒီယာကောင်စီ အလုပ်ရုံဆွေးနွေးပွဲ ကို တွေ့ရစဉ်
Photo: Mm.presscouncil(facebook)

ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ တပ်မတော်နဲ့ပတ်သက်တဲ့ သတင်းတွေကို ဖြေကြားပေးနိုင်မယ့် ပုဂ္ဂိုလ်တွေ ထားရှိပေးဖို့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တွေက တပ်မတော် တာဝန်ရှိသူတွေထံ တောင်းဆို လိုက်ပါတယ်။

တပ်မတော်ဘက်က သတင်းထုတ်ပြန်ရာမှာ အဆင့်ဆင့် စိစစ်ရတဲ့အတွက် ကြန့်ကြာနေတာဖြစ်ပြီး တာဝန်ခံဖြေကြားပေးမယ့်သူကို ထားပေးဖို့ စီစဉ်နေကြောင်း တပ်မတော်အရာရှိတွေက ပြောတယ်လို့ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ကိုဇေယျာလှိုင်က ပြောပါတယ်။

"မေးတဲ့အခါမှာ ပြန်လည်ဖြေကြားဖို့ပေါ့နော်၊ မဖြေကြားနိုင်ရင်   ဘာကြောင့် မဖြေကြားနိုင်လဲဆိုတာကို ဥပဒေနဲ့အညီ ပြန်ကြားပေးဖို့   ကျွန်တော်တို့က ဆွေးနွေးတယ်၊ သူတို့ကတော့ အတတ်နိုင်ဆုံး အထက် လူကြီးကို   တင်ပြပြီးတော့ ကြိုးစားမယ်လို့တော့ ပြောပါတယ်၊ တိုက်ပွဲတွေဖြစ်လို့   မေးတဲ့အခါမှာ ချက်ချင်းဘာလို့မဖြေလဲဆိုတော့ သတင်းပြန်ကြားရေးအဖွဲ့ကလည်း   အဆင့်ဆင့်ပြန်ပြီး စိစစ်ရတယ်ပေါ့၊ ဘာလို့လဲဆိုတော့ နယ်ဘက်ကတက်လာတဲ့   သတင်းတွေက အဆင့်ဆင့်တက်လာပြီးမှ သူတို့ဆီကိုရောက် တယ်ဆိုတာ   နားလည်ပေးဖို့ပေါ့၊ ဟုတ်ပြီ ကျွန်တော်တို့က  အချိန်ကြာတာကို နားလည်ပေးမယ်၊   ရတဲ့အချိန် မှာတော့ ပြန်ပြီးထုတ်ပြန်ပေးဖို့ ပြန်ဆွေးနွေးခဲ့ပါတယ်"

မနေ့က သတင်းမီဒီယာကောင်စီနဲ့ တပ်မတော်အရာရှိတွေ တွေ့ဆုံဆွေးနွေးရာမှာ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ တပ်မတော်ဖက်ကလည်း တပ်နဲ့ဆိုင်တဲ့ အခေါ်အဝေါ် အသုံးအနှုန်းတွေကို မှန်ကန်အောင်ရေးသားပေး ဖို့ ဆွေးနွေးခဲ့ပါတယ်။

တပ်မတော်အနေနဲ့လည်း သတင်းမီဒီယာတွေကို တိုက်ရိုက်တရားစွဲဆိုတာမျိုးမလုပ်ဘဲ သတင်းမီဒီယာကောင်စီ ကနေတဆင့် သတင်းသမားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ သတင်းမီဒီယာနည်းဥပဒေမှာပါတဲ့ အချက်အလက်တောင်း ခံခွင့်ကို တပ်မတော်ဘက်က လေးစားလိုက်နာဖို့ ပြန်လည်ဆွေးနွေးခဲ့ပါတယ်လို့ ပြောပါတယ်။

သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ကိုဇေယျာလှိုင်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။