ဦးဝင်းထိန် ပြောကြားသည့်ကိစ္စ တပ်မတော်က ပြင်းထန်စွာ ကန့်ကွက်


2017.05.05
winhtein-620.jpeg NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန် ကို မေလ ၄ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို နိုင်ငံတော်အစိုးရက လုပ်ဆောင်နေတဲ့ကာလမှာ အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန် က တပ်မတော်အပေါ် အခြေအမြစ်မရှိ ပုတ်ခတ်ပြောဆိုမှုတွေ ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ လိုအပ်တဲ့ တုန့်ပြန်မှုတွေ ဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး မနေ့က နေပြည်တော်မှာ ဦးဝင်းထိန်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ သတင်းမှားတွေကို ဘယ်သူ ဘယ်အဖွဲ့အစည်းတွေက ထုတ်တယ်လို့ သံသယရှိသလဲလို့ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ပါတယ်။ အဲဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဦးဝင်းထိန်က ဘယ်သူတွေကို သံသယရှိသလဲဆိုတာ ပြောရခက်တယ်၊ ဘာကြောင့်လဲဆိုတော့ ကြားနေရတာက အများကြီး။ ကြံ့ခိုင်ရေးကပဲ လုပ်သလား၊ တချို့တပ်မတော်အဖွဲ့အစည်းတွေကပဲ လုပ်သလား၊ ကျွန်တော်တို့ကို မလိုလားတဲ့ အိုင်တီကျွမ်းကျင်သူတွေကပဲ လုပ်သလားဆိုတာ မှန်းရခက်တယ်ဆိုပြီး ဦးဝင်းထိန် က ဖြေကြောင်း ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။

အခြေအမြစ်ခိုင်လုံခြင်းမရှိပဲ သံသယစိတ်ပေါ် အခြေခံပြီး တပ်မတော်အား ထည့်သွင်းပြောဆိုခြင်းဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို များစွာထိခိုက်စေတယ်လို့ ပါရှိပါတယ်။

အင်တာနက်မှာ ပြန့်နှံ့နေတဲ့ ကောလာဟလတွေက နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ကျန်းမာရေးကြောင့် နှုတ် ထွက်စာ တင်ထားကြောင်း၊ သူရဦးရွှေမန်းကို သမ္မတအဖြစ်ခန့်အပ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ပြန် အလာစောင့်နေတယ်စသဖြင့် ကောလာဟလတွေ ပြန့်နှံ့နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။